ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မောထိုတလေးနယ်မြေတွင် တရားမဝင် လောင်းကစားဝိုင်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မြို့သစ်တည်ဆောက်ရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းနှင့် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း KNU က ထုတ်ပြန်လိုက်သည်။
ကရင်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများနှင့် မြို့သစ်တည်ဆောက်ရေးစီမံကိန်းများတွင် KNU ပါဝင်ပတ်သက်နေသည်ဆိုပြီး ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူမှုအဖွဲ့အစည်းများက စာထုတ်ပြန်လာပြီးနောက် KNU ဘက်က ဖေဖော်ဝါရီ ၂၆ ရက်နေ့ရက်စွဲဖြင့် ယခုလို ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
KNU အနေဖြင့် ဤသို့သော စီမံကိန်းမျိုးများနှင့် ပါဝင်ပတ်သက်ခြင်းမရှိသလို တရားမဝင် လောင်းကစားလုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် တခြားသော ရာဇဝတ်မှုများနှင့် မကင်းသည့်လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ကိုင်ခြင်းကို လက်မခံကြောင်းလည်း ထုတ်ပြန်ထားသည်။
၎င်းပြင် မည်သည့် KNU အဖွဲ့အစည်းဝင် တစ်ဦးတစ်ယောက်ကိုမှ ဤသို့သောရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း၊ ထောက်ကူခြင်းတို့ကို တားမြစ်ထားသည်ဟုလည်း ဆိုထားသည်။
ကမ္ဘာဒီးယားနိုင်ငံမှ တိမ်းရှောင်ထွက်ပြေးလာကြသည့် နိုင်ငံခြားသားရာဇဝတ်သားများက ကရင်ပြည်နယ် မောထိုတလေးနယ်မြေတွင် တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြို့သစ်တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့သစ်စီမံကိန်း အုတ်မြစ်ချပွဲ အခမ်းအနားကို ၂၀၂၀ ခု၊ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့ပြီး Huanya International Holding Group တွင်ပါဝင်သည့် Trans- Asia international Holding Group (Thailand) နှင့် ကရင်ဒေသခံကုမ္ပဏီ မုလအိအလင်းကုမ္ပဏီလိမိတက်တို့အကြား လုပ်ငန်းစတင်နိုင်ရေး မြေငှားရမ်းစာချုပ် ချုပ်ဆိုခြင်းအဖြစ် ကနဦးနားလည်ပြီး စောရောဂျာခင်က ဒေသခံ မြေပိုင်ရှင်ပြည်သူလူထုကိုယ်စား အသိသက်သေအဖြစ် ကိုယ်စားပြုတက်ရောက်ခဲ့သည်ဟု KNU ဆိုထားသည်။
သို့သော် ၎င်းအခမ်းအနားတွင် ဒေသခံကုမ္ပဏီနှင့် မြေပိုင်ရှင်ပြည်သူလူထုကို အသိပေးထားခြင်းမရှိပဲ “KNU နှင့် Huanya International Holding Group အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချပွဲအခမ်းအနား” ဟု ဆိုင်းဘုတ်တင်ထားခြင်းခံရသောကြောင့် KNU နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မီတီအဖွဲ့ဝင်၊ ကာကွယ်ရေးဌာနဌာနမှူး စောရောဂျာခင်တို့အပေါ် ပြည်သူက အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာစေသည်ဟု ပြောဆိုထားသည်။
ကရင့်မြေပေါ်တွင်ရောက်ရှိလာသည့် မည်သည့်လောင်းကစားလုပ်ငန်းမဆို ထူးခြားဆိုးရွားပြင်ထားသော လူမှုဒုက္ခများကို ဆောင်ကြဉ်းပေးရန်သာရှိပြီး ဒေသတွင်း ရာဇဝတ်မှုဖြစ်ပွားမှုနှုန်းကို တိုးတက်စေနိုင်သည့်အတွက် တရားမဝင် ရာဇဝတ်မှုလုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ ပပျောက်ရေး လိုလားကြောင်း KNU ထုတ်ပြန်ထားသည်။
ကေအန်ယူအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ တခြားမည်သည့်အဖွဲ့အစည်းနှင့်မဆို တက်ကြွစွာပူးပေါင်းကာ ကရင်ပြည်နယ်နှင့် ဒေသအတွင်း တရားမဝင် ရာဇဝတ်မှုလုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ လျော့နည်း ပပျောက်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေး၊ တရားဥပဒေစိုးမိုရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

