spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမော်လမြိုင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးပြန်ဖွင့် လူကိုယ်တိုင်သွားလျှောက်ရမည်

    မော်လမြိုင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးပြန်ဖွင့် လူကိုယ်တိုင်သွားလျှောက်ရမည်

    -

    နှစ်လကျော်ကြာ ပိတ်ထားခဲ့သည့် မော်လမြိုင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လူကိုယ်တိုင်သွားလျှောက်ရမည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး နီးစပ်သူတို့ထံမှ သိရသည်။

    နိုင်ငံကူးလက်မှတ် (Passport) စာအုပ် အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ဆောင်လိုသူများအနေဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက်ကာ လျှောက်ထားကြရမည်ဟု မော်လမြိုင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “မော်လမြိုင်ရုံးမှာက Online Booking စနစ်နဲ့ လုပ်ဆောင်ပေးတာမျိုးမရှိဘူး။ စာအုပ်လုပ်ချင်သူတွေအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မူရင်းတွေနဲ့ ကိုယ်တိုင် ရုံးကိုလာရောက်ပြီးတော့ အရင်ဆုံး စာရင်းပေးသွင်းရပါမယ်။ စာအုပ်လုပ်ဆောင်မယ့်နေ့ကို ပြန်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိ Booking လုပ်ထားကြသူများအနေဖြင့် အနည်းဆုံး (၄) လခန့်စောင့်ဆိုင်းရမည်ဟု နိုင်ငံကူးလက်မှတ် (Passport) လာရောက်လျှောက်ထားသူများ၏ ပြောပြချက်များအရ သိရသည်။

    “အရင် Passport ရုံးမပိတ်ခင်က Booking တင်ထားသူတွေလည်းအများကြီးရှိနေတော့ အခု Booking တင်ထားကြသူတွေက အနည်းဆုံး (၄) လလောက်ကြာမယ်လို့ ပြောတယ်” ဟု နိုင်ငံကူးလက်မှတ် (Passport) လာရောက်လျှောက်ထားသူတစ်ဦးက ပြောသည်။

    ကိုယ်တိုင်သွားလျှောက်ရာတွင် အချိန်ကြာမြင့်စွာစောင့်ရသည့်အတွက် အချို့က ပွဲစားများမှတဆင့် လုပ်ဆောင်နေကြကြောင်း ပွဲစားဖြင့်လုပ်ဆောင်ပါက ပွဲစားခအနေဖြင့် တစ်ဦးလျှင် ကျပ် ၃ သိန်းနှင့် ၅ သိန်းအကြား ပေါက်စျေးရှိနေသည်ဟု နိုင်ငံကူးလက်မှတ်လျှောက်သူတို့ထံမှ သိရသည်။

    “တချို့အရေးတကြီးကိစ္စ ရှိသူတွေကတော့ ပွဲစားတွေနဲ့ လုပ်ကြတယ်လို့ ကြားသိရတယ်။ ပွဲစားနဲ့ လုပ်ရင်တော့ ရက် (၂၀)၊ တစ်လလောက်တော့ကြာမယ်ပေါ့။ ကုန်ကျငွေက တစ်ယောက်ကို (၃) သိန်းကနေ (၅) သိန်းကြားရှိတယ်လို့ ပြောကြတယ်” ဟု အခြားနိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားသူတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်မှစကာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code လျှောက်ထားခြင်းများကို ရပ်ဆိုင်းထားခဲ့ပြီး ဇန်နဝါရီလ ၂ ရက်မှာတော့ တစ်နိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် (Passport) စာအုပ်ပြုလုပ်ခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။

    ထိုနောက် ဖေဖေါ်ဝါရီလ ၂၄ ရက်မှာတော့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် Online Booking စနစ်သစ်ဖြင့် ပြန်လည်လျှောက်ထားခွင့်ပြုခဲ့သည်။

    တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲများကိုတော့ ဖေဖေါ်ဝါရီလ ၂၇ တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks