spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ထွက် ရော်ဘာများ ဈေးကောင်းရနေ

    မွန်ပြည်နယ်ထွက် ရော်ဘာများ ဈေးကောင်းရနေ

    -

    မွန်ပြည်နယ်ထွက် ရော်ဘာများ ဈေးကောင်းရနေကြောင်း ရော်ဘာစိုက်တောင်သူနှင့် ရော်ဘာလုပ်ငန်းရှင်းတို့ထံမှ သိရသည်။

    ပြီးခဲ့သည့်နှစ်က အဆင့် (၁) ရော်ဘာ တစ်ပေါင်လျှင် ၉၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှစကာ ရော်ဘာစျေးတက်လာပြီး လက်ရှိတွင် အဆင့် (၁) ရော်ဘာ တစ်ပေါင်လျှင် ၁၅၀၀ ကျပ်ဝန်းကျင်အထိ ပေါက်စျေးရှိနေသည်ဟု ရော်ဘာစျေးကွက်မှ သိရသည်။

    ရော်ဘာစျေးကောင်းရနေခြင်းသည် ထိုင်းနိုင်ငံဘက်မှ အဝယ်လိုက်နေသည့်အတွက်ကြောင့်ဟု ရေးမြို့နယ်မှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောသည်။ 

    “ထိုင်းနိုင်ငံဘက်က အဝယ်လိုက်နေတဲ့အတွက်ကြောင့်ကို ဈေးကောင်းရနေတာလို့ ပြောလို့ရတယ်။ မဟုတ်ရင်တော့ ရော်ဘာတစ်ပေါင်ကို ၁၀၀၀ အောက်ကနေ တက်မှာမဟုတ်ဘူး” ၎င်းက ဆက်ပြောသည်။

    လက်ရှိ ရော်ဘာပင်များ အရွက်ကြွေနေသည့်ကာလဖြစ်သည့်အတွက် ရော်ဘာခြံအတော်များများပိတ်ထားသည့်အတွက် ရော်ဘာအထွက်နည်းနေကြောင်းလည်း ရော်ဘာစိုက်တောင်သူတို့က ပြောသည်။

    ၎င်းပြင် နယ်မြေအေးချမ်းမှုမရှိသည့်ဒေသများတွင် ရော်ဘာခြံများကို ပိတ်ထားရသည့် အခြေအနေမျိုးလည်းရှိနေကြောင်း ရော်ဘာစိုက်တောင်သူတို့ထံမှ သိရသည်။

    “တချို့ခြံရှင်တွေဆိုရင် သူတို့ခြံရှိတဲ့ နေရာက မအေးချမ်းဘူးဆိုရင် ပိတ်ထားလိုက်ရတော့ ဘာအကျိုးအမြတ်မှ မရကြတော့ဘူး။ နည်းနည်းအေးချမ်း ဒေသတွေမှာဆိုရင်လည်း ခြံရှင်နဲ့ အလုပ်သမားနဲ့က အကျိုးအမြတ်ကို ခြံရှင်နဲ့ အလုပ်သမားနဲ့က (၅၀) ရာခိုင်နှုန်းစီယူကြတဲ့ ခြံတွေရှိသလို၊ ခြံရှင်က (၄၀) ရာခိုင်နှုန်း၊ အလုပ်သမားက (၆၀) ရာခိုင်နှုန်းအထိကို ဖြစ်သွားတယ်။ ခြံရှင်တွေအနေနဲ့ကလည်း အလုပ်သမားတွေဖက်ကို ပြန်ကြည့်ရင် ဒီရော်ဘောအစေးလှီးတဲ့ လုပ်ငန်းက အသက်နဲ့ရင်းပြီး လုပ်နေရတဲ့ လုပ်ငန်းလိုဖြစ်လာတယ်။ ဒါကလည်း ညမထွက်ရအမိန့်တွေ၊ Martial Law တွေရှိတော့ ပိုဆိုးကုန်တယ်။ အခုဆိုရင် မအေးချမ်းတဲ့ ဒေသတွေက အလုပ်သမားတွေ မွန်ပြည်နယ်ထဲကို အတော်များများရွေ့လာကြတယ်လို့ ပြောလို့ရတယ်” ဟု ရေးမြို့နယ် မှ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    လက်ရှိတွင် ရော်ဘာဈေးကောင်းရရှိနေသော်လည်း တစ်ဖက်တွင် သွင်းအားစုများဖြစ်သည့် အက်စစ်ဈေးနှုန်း၊ ဓါတ်မြေဩဇာဈေးနှုန်းနှင့် လုပ်ငန်းသုံးပစ္စည်းဈေးနှုန်းများ နှစ်ဆခန့်အထို တက်သွားသည့်အပြင် အလုပ်သမားခဈေးနှုန်းများလည်း တက်သွားသည့်အတွက် အကျိုးအမြတ်သိပ်မရှိဘူးလို့လည်း ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသူတို့က ပြောသည်။

    “မနှစ်က ဓါတ်မြေဩဇာတစ်အိတ်ကို (၆၅,၀၀၀) ကျပ်လောက်ရှိခဲ့ရာကနေ ဒီနှစ်မှာက (၁၂၀,၀၀၀) ကျပ်၊ (၁၃၀,၀၀၀) ကျပ်လောက်ပေးရတယ်။ အလုပ်သမားခဆိုရင်လည်း မနှစ်က အပင်တစ်ထောင်ကို အလုပ်သမားတစ်ယောက်တစ်ရက်လုပ်အားခ (၁၂,၀၀၀) ကျပ် ရှိခဲ့ပေမယ့်၊ ဒီနှစ်မှာတော့ (၁၄,၀၀၀) ကျပ်ပေးရတယ်။ အက်စစ်ကလည်းမနှစ်က ကျပ် (၄၀,၀၀၀) ကျော်ပေးရတဲ့ အက်စစ်က ဒီနှစ်ခြံဖွင့်ချိန်မှာ ကျပ် (၈၀,၀၀၀) ကျော်ပေးရတယ်။ ဆိုတော့ ရော်ဘာဈေးနှုန်းက ထိုင်းဘက်က ဝယ်လက်ရှိတော့ ဈေးကောင်းရတယ်ဆိုပေမယ့်၊ တစ်ဖက်မှာ ကုန်ကျစရိတ်တွေကလည်း တက်လာတော့ အကျိုးအမြတ်က သိပ်မရဘူးဖြစ်နေတယ်” ဟု ကျိုက်မရောမြို့နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းကျော်ရှိကာ၊ နှစ်စဉ် ရော်ဘာတန်ချိန် တစ်သိန်းကျော်ထွက်ရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။

    မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာများနှင့်ရင်းနှီးမြုပ်နှံမှုမရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်ပြီး အရည်အသွေးနိမ့်ကျမှုကြောင့် စျေးကောင်းမရရှိသည့်အနေအထားရှိနေသည်ဟုလည်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်းများအသင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks