spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမိခင်ဘာသာစကားအခြေပြု ပညာရေးအတွက် တိုင်းရင်းသားပညာရေးဌာနများနှင့် လက်တွဲသွားမည်ဟု MNEC ထုတ်ပြန်

    မိခင်ဘာသာစကားအခြေပြု ပညာရေးအတွက် တိုင်းရင်းသားပညာရေးဌာနများနှင့် လက်တွဲသွားမည်ဟု MNEC ထုတ်ပြန်

    -

    မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသင်ကြားရေး MTBMLE မူဝါဒများ ဖွံ့ဖြိုးခိုင်မာလာစေရန်နှင့် အရည်အသွေးမြင့်သော တိုင်းရင်းသားကျောင်းပညာရေးစနစ် ရေရှည်တည်တံ့စေရန်အတွက် မတူကွဲပြားသည့် တိုင်းရင်းသားပညာရေးဌာနများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု မွန်အမျိုးသားပညာရေးကော်မတီ MNEC က ထုတ်ပြန်ခဲ့သည်။

    ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့တွင် မွန်အမျိုးသားပညာရေးကော်မတီ MNEC က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနသည် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသင်ကြားရေးစနစ်ကို အသုံးပြု သင်ကြားနေသည့် တိုင်းရင်းသားပညာရေးဌာနတစ်ခုဖြစ်သည်။

    မွန်ပြည်သစ်ပါတီကနေ ၁၉၇၂ ခုနှစ်က စတင်ခဲ့သည့် မွန်အမျိုးသားပညာရေးသည် ယခုဆိုလျှင် အနှစ် ၅၀ တိုင်ခဲ့ပြီ ဖြစ်သည်။

    မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားသင်ရိုးညွှန်းတမ်း စံနှုန်းများအညွှန်းဘောင် Curriculum Standards Framework ပြုစုရေးဆွဲခြင်းနှင့်အတူ သူငယ်တန်းမှ ပဉ္စမတန်းအထိ မူလတန်းအဆင့် ကျောင်းသင်ဘာသာရပ်များကို မွန်မိခင်ဘာသာစကားနှင့် သင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာများနှင့် ဖတ်စာအုပ်များ ဆရာလမ်းညွှန်များကို ဆန်းသစ်ရေးဆွဲသင်ကြားလျက်ရှိသည်။

    ဆက်လက်ပြီး အလယ်တန်းနှင့် အထက်တန်းတို့တွင် မွန်စာနှင့် မွန်သမိုင်းကို မွန်ဘာသာဖြင့် သင်ကြားနိုင်ရေးအတွက် ပညာရှင်နှင့် တိုင်ပင်ပြီး ပြုစုရေးဆွဲလျက်ရှိသည်ဟု MNEC က ဆိုသည်။

    ခေတ်မီပညာရေးနှင့် လူသားဆန်ခြင်းကို အလေးထားသည့် ဤမွန်သင်ရိုးညွှန်တမ်းများက မိမိတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုတန်ဖိုးများကို မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်းလည်း MNEC က ထုတ်ပြန်ထားသည်။

    မွန်အမျိုးသားပညာရေးကော်မတီ MNEC အနေဖြင့် မွန်လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ သမိုင်းနှင့် ရိုးရာယဉ်ကျေးမှုတို့ ဆက်လက်ဖွံ့ဖြိုးရှင်သန်ရေးအတွက် စဉ်ဆက်မပြတ် အားထုတ်လျက်ရှိသည်။

    မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် မွန်အမျိုးသားပညာရေးဌာနအောက်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအပြင် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ၁၀ တန်းလွန် Post Ten အတန်းအထိ ဖွင့်လှစ်ခဲ့သည်။

    ၂၀၂၃ ခုနှစ်မှာတော့ မွန်အမျိုးသားကောလိပ်ကိုပါ အဆင့်မြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး မွန်အမျိုးသား ကောလိပ် Mon National College အထိ ဖွင့်လှစ်နိုင်ရန် မွန်အမျိုးသားပညာရေးဌာနက ကြိုးပမ်းလျက်ရှိသည်။

    မွန်အမျိုးသားကျောင်းများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျောင်းပေါင်း ၁၃၀ ကျော်ရှိပြီး ကျောင်းဆရာ/ဆရာမ ၇၀၀ ကျော်ဖြင့် ကျောင်းသူ/ကျောင်းသားပေါင်း ၁၅၀၀၀ ကျော်တို့က တက်ရောက်သင်ကြားနေသည်ဟု မွန်အမျိုးသားပညာရေးကော်မတီမှ စာရင်းများအရ သိရသည်။

    နိုင်ငံတကာပညာရေးသုတေသနများနှင့် MNEC က ကိုယ်တိုင်လေ့လာထားရှိသော မွန်ပညာရေး သုတေသနများအရ ကျောင်းပညာရေးတွင် မိခင်ဘာသာစကားအခြေပြု ဘာသာစုံသင်ကြားရေးစနစ် MTB-MLE သည် တိုင်းရင်းသားကလေးငယ်များအတွက် စဉ်းစားတွေးခေါ်မှုစွမ်းရည် မိမိကိုယ်ကိုယ် ယုံကြည်မှုစွမ်းရည် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်နှင့် ငြိမ်းချမ်းရေးစွမ်းရည်တို့ ကိုယ်စီရရှိလာကြပြီးလျှင် ကျောင်းပညာကိုလည်း ပိုမိုအဆင်ပြေစွာ သင်ယူလေ့လာနိုင်ကြကြောင်း တွေ့ရှိရပြီး ဒေသသုံး၊ နိုင်ငံသုံးနှင့် နိုင်ငံတကာဘာသာစကားများကို ဆက်လက်သင်ယူရန် အခြေခံကောင်းများလည်း ရရှိလာကြသည်ဟု MNEC က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks