မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-ထားဝယ်လမ်းမပေါ်ရှိ ရေးမြစ်ကူးတံတားကြီးစစ်ဆေးရေးဂိတ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ရေးမြို့အထွက်က စစ်ကောင်စီ တံတားကြီးစစ်ဆေးရေးဂိတ်ကို ယမန်နေ့ နံနက် ၇ နာရီကျော်အချိန်ခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
တံတားကြီးစစ်ဆေးရေးဂိတ်ပစ်ခတ်ခံရပြီးနောက် ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ရေးဘီလူးအဖွဲ့တို့အကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။
“လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော အကြိမ်ရေးအတော်များများပစ်နေကြတာ၊ ထိခိုက်မှုအခြေအနေကတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်ထိတွေပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ရေးဘီလူးအဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းထွက်ပေါ်နေပြီး အသေးစိတ်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် စုံစမ်းဆဲဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ရေးမြစ်ကူးတံတားကြီစစ်ဆေးရေးဂိတ်ကို
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO မှ ဗုံးလောင်ချာဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။
ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ရေးမြစ်ကူးတံတားကြီး စစ်ဆေးရေးဂိတ်သည် ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီဘက်ကလည်း လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။