Thursday, March 12, 2026
More
    spot_img
    Homeသတင်းထိုင်းရောက် မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်သက်တမ်း ၃ လထပ်တိုးပေး

    ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်သက်တမ်း ၃ လထပ်တိုးပေး

    -

    ထိုင်းနိုင်ငံတွင် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကုန်သွားပါက ထပ်မံသက်တမ်းတိုးနိုင်ရန် ထိုင်းအစိုးရက နောက်ထပ် ၃ လ ဆက်လက်နေထိုင်ရန် ဗီဇာသက်တမ်း တိုးခွင့်ပြုလိုက်သည်။

    အဆိုပါ ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့် အလုပ်သမားများ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိရန်အတွက် Work Permit၊ ပန်းရောင်ကတ် (ဘတ်) တို့ ထပ်မံ ပြုလုပ်ရမည်ဖြစ်ပြီး  နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ မရှိသေးသူများကတော့ ယာယီ အလုပ်သမား ပတ်စ်ပို့ဟုခေါ်သည် CI စာအုပ် လုပ်ထားရမည်ဖြစ်သည်။

    သတ်မှတ်ထားသည့် ၃ လအတွင်း သက်တမ်းတိုးရမည့် မြန်မာလုပ်သား သိန်းနှင့် ချီရှိနေသည့်အတွက် အချိန်မီ ပြီးစီးနိုင်မည်မဟုတ်ဘူးဟု ဗီဇာနှင့် ပက်စပို့သက်တမ်းတိုးဝန်ဆောင်မှု ပေးနေသည့်  ပွဲစားတို့က မှတ်ချက်ပြုသည်။

    “ဒီတခေါက် သက်တမ်းတိုးလို့ မမှီလိုက်တဲ့သူတွေကို ၃လထပ်ပေးထားတယ်။ အခုက သံရုံးကနေ့တိုင်း လူတွေထောင်ချီနေတာဘဲ။ သူတို့ပေးထားတဲ့ ၃လအတွင်း လူသိန်းချီနေတာကို အလျင်မှီအောင် လုပ်ဖို့ဆိုတာက လုံးဝမလွယ်ပါဘူး။ အွန်လိုင်းစနစ်ပြောင်းထားပေမဲ့လည်း ဒီလူတွေအတွက် မကာမိသေးဘူး၊ သံရုံးကိုတော့ စာတင်ထားကြတယ်၊ ထိုင်းအစိုးရဘက်က ဘာလုပ်ပေးမလဲတော့ မသိရသေးဘူး” ဟု ဗီဇာနှင့် ပက်စပို့ သက်တမ်းတိုးပေးနေသည့် အကျိုးဆောင်တစ်ဦးက ဆိုသည်။ 

    ပက်စ်ပို့ သက်တမ်းတိုးသည့် ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းရောက်  မြန်မာလုပ်သားများသည် ပြီးခဲ့သည့် ဇန်နဝါရီလစပိုင်းကတည်းက ဘန်ကောက် မြန်မာသံရုံးရှေ့တွင် လူထောင်ချီ တန်းစီ သက်တမ်းတိုး ဆောင်ရွက်ခဲ့ကြပြီး သက်တမ်းတိုးရမည့်သူ များပြားလွန်းနေခြင်းကြောင့် တိုကင်ကို ညအိပ်ပြီး တန်းစီ စောင့်ဆိုင်းရသည့်အခြေအနေအထိ ရှိခဲ့သည်ဟု သိရသည်။

     “ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရတာက အခြားအရေးတွေထက် ဒီပတ်စပို့၊ ဗီဇာက အတော်ခေါင်းခဲတယ်။ အခုလည်း ကျနော်တော့ ပွဲစားအပ်ထားတယ်၊ အခုထိရေရေရာရာမသိရသေးဘူး၊ ထိုင်းအစိုးရက ပေါ်လစီအမြဲတမ်းပြောင်းနေတာ သက်တမ်းက ကုန်သွားရင် ရဲကစစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေးဘဲ တွေးနေရတယ်”ဟု ‌Work Permit သက်တမ်းတိုးရန် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

    မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း “အမှန်တကယ် ပတ်စ်ပို့စာအုပ် တစ်အုပ်တန်ဖိုးက နိုင်ငံခြားရေးဝန်ကြီးကို တရားဝင်သွင်းရတာ ဘတ် ၈၀၀ ပါ။ ဟိုးအရင်တုန်းကလည်း အဲ့ဈေးနှုန်းနဲ့ လွယ်လင့်တကူ ရခဲ့ကြတယ်။ အဲ့လိုနဲ့ ငွေကုန်ကြေးကျသက်သာတဲ့ နည်းလမ်းနဲ့ ရခဲ့ရာကနေ ၂၀၂၁ နောက်ပိုင်းမှာ ထိုင်းအေးဂျင့်တွေကနေတဆင့် ရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ ပြောမယ်ဆို ပွဲစားတွေပေါ့။ ပွဲစားကောက်တာ ဈေးနှူုန်းတမျိုး၊ ထိုင်းအေးဂျင့် ကောက်တာ ဈေးနှုန်းတမျိုးဆိုတော့ အနိမ့်ဆုံး ၄၅၀၀ ကနေ ၇၀၀၀ ကျော်ထိ ပေါက်ကုန်တာပေါ့” ဟု  မှတ်ချက်ပြုထားသည်။

    လက်ရှိ ထိုင်းနိုင်ငံတွင် စီအိုင်စာအုပ် (အထောက်အထား) ပြုလုပ်ရန် ကျန်ရှိနေသည့် မြန်မာလုပ်သား ဉီးရေ ၃ သိန်းခန့်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ 

    ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ သက်တမ်းတိုးအလုပ်လုပ်ကိုင်ခွင့်အတွက် လက်မှတ်‌ကြေး ပေးသွင်းထားသူ ဉီးရေ ၄ သိန်းကျော်ရှိနေပြီး နောက်ထပ် စာရင်းပေးသွင်းရန် ကျန်ရှိနေသည့် မြန်မာလုပ်သား ဉီးရေ ၂ သန်းကျော် ရှိသေးသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆိုထားသည်။

    နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားအများဆုံးရွှေ့ပြောင်း နေထိုင် အလုပ်လုပ်ကိုင်နေကြပြီး လက်ရှိ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၅ သန်းနီးပါး ရှိကာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့တို့က ခန့်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks