Friday, March 13, 2026
More
    spot_img
    Homeသတင်းစပါးစျေးကောင်းနေသော်လည်း တောင်သူတွေ အကျိုးအမြတ်မရဟုဆို

    စပါးစျေးကောင်းနေသော်လည်း တောင်သူတွေ အကျိုးအမြတ်မရဟုဆို

    -

    မွန်ပြည်နယ်တွင် စံချိန်တင် စပါးဈေးကောင်းရနေသော်လည်း စပါးအထွက်နည်းခြင်းနှင့် ကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် တောင်သူများအတွက် အကျိုးအမြတ်မရဖြစ်နေသည်ဟု စပါးစိုက်တောင်သူတို့က ပြောသည်။

    လက်ရှိတွင် ပြည်နယ်အတွင်း၌ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၉ သိန်းအထိ ရှိနေပြီး  စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းနှင့် ၁၅ သိန်းအကြား ရှိနေသည်ဟု စပါးကုန်သည်တို့ထံမှ သိရသည်။

    “အရင်နှစ်က ပေါင်ဆန်းစပါး တင်း ၁၀၀ ကို ငွေ ၁၀ သိန်းကျပ်မပြည့်ဘူး။ ဒီနှစ် ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ၁၉ သိန်းကျပ်အထိ ဈေးရတယ်။ ဒီလိုဈေးနှုန်းမျိုးက မရဖူးဘူးလေ” ဟု ‌ဇင်းကျိုက်မြို့မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    မိုးစပါးများစပေါ်ချိန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလခန့်က ဆန်ချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းသာ ရရှိခဲ့သည်ဟုလည်း စပါးစိုက်တောင်သူတို့ထံမှ သိရသည်။

    စပါးဈေးကောင်းရနေသော်လည်း လယ်ယာသုံးသွင်းအားစုများဈေးနှုန်း ကြီးမြင့်ခြင်းနှင့် စပါးအထွက်နှုန်းလျော့နည်းသည့်အတွက် စပါးစိုက်တောင်သူများ အကျိုးအမြတ်မရဖြစ်နေသည်ဟု ဆိုသည်။

    “ဒီနှစ်က စပါးအထွက်နှုန်းက ခါတိုင်းနှစ်တွေထက်ကို ကျတယ်။ နောက်ဓါတ်မြေဩဇာဈေးနှုန်းတွေက သုံးလေးဆလောက်တက်သွားတယ်။ ဆိုတော့ စပါးဈေးကောင်းရပေမယ့်၊ အကျိုးအမြတ်ရလည်း နည်းနည်းပေါ့လေ။ တချို့ဆို စပါးထွက်ခါနီးမှပိုးကျလို့ ဆုံးရှုံးသွားသူတွေလည်းရှိတယ်။ တချို့လည်း အရင်းလောက်ပြန်ရကြတယ်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူကြဘူးပေါ့နော်” ဟု ပေါင်မြို့နယ် ဖြူဘကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တွင် ရာဘာပြီးလျှင် စပါးစိုက်ပျိုးခြင်းသည် ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်စားသောက်ကြပြီး မိုးစပါးကို အဓိကထား စိုက်ပျိုးကြသည်။

    မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုး ဧက ၇ သိန်းနီးပါးရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်နယ်စပါးကုန်သည်များအသင်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks