spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းကြောင့် တနင်္သာရီမြို့နယ်အတွင်းက ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းကြောင့် တနင်္သာရီမြို့နယ်အတွင်းက ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

    -

    စစ်အုပ်ချုပ်ရေး ကြေငြာထားသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် သောင်းနှင့်ချီသည့်ဒေသခံများ  ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံနှင့် စစ်ရှောင်အရေးကူညီနေသူတို့ထံမှ သိရသည်။ 

    စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မြို့နယ်ပကဖများနှင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် တနင်္သာရီမြို့နယ် လယ်သစ်အရှေ့ကမ်း၊ လယ်သစ်အနောက်ကမ်းနှင့် မော်တုံးအနောက်ဘက်ကမ်းကျေးရွာမှ ဒေသခံများ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး  ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

    “တိုက်ပွဲဖြစ်ရင် စစ်တပ်က တွေ့ရာမြင်ရာ အကုန်ပစ် ဖျက်ဆီးတယ်။ ရွာသားတွေကိုလည်း သူတို့ခိုင်းဖို့ ဖမ်းသွားတာ၊ အိမ်တွေကို မီးရှို့သွားတာတွေလည်း အရင်ကရှိခဲ့တော့ ကြောက်တယ်၊ အခုလည်း ရွာထဲ စစ်ကြောင်းထိုး စခန်းချနေတော့ မနေရဲလို့ ထွက်ပြေးလာတာ” ဟု လယ်သစ်ရွာသားတစ်ဦးက ပြောသည်။ 

    စစ်ကောင်စီတပ်များသည် ရေလမ်းကြောင်းအသုံးပြုပြီး ပြီးခဲ့သည့်ရက်ပိုင်းက မြိတ်မြို့မှ ထွက်ခွာလာပြီး လယ်သစ်ရွာအနီးရှိ ဝါရင့်နှင့် ဂျိုးတောင်ရွာအနီးသို့ ရောက်ရှိနေသည် ဒေသခံတို့က သိရသည်။ 

    ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ပုလောမြို့ တဖက်ကမ်းရှိ ရှပ်ပုံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

    ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ် မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားများအား ဖမ်းဆီးခဲ့ခြင်းကြောင့် ရွာသားများ နီးစပ်ရာတောတောင်နှင့် ပုလောမြို့ပေါ် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းတို့တွင် တိမ်းရှောင်နေခဲ့ကြသည်။

    ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ညမထွက်ရအမိန့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကိုပါ ထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ နောက်ပိုင်း မြို့ပေါ်က စစ်ရှောင်များကို စစ်ကောင်စီ ဖိအားပေးပြန်ခိုင်းခဲ့သည်ဟု စစ်ရှောင်တို့က ဆိုသည်။

    “ရွာထဲမှာတော့ ဘယ်သူမှ မရှိကြဘူး၊ အကုန်ပြေးကြတယ်။ အမျိုးတွေရှိတဲ့သူက အမျိုးတွေဆီ ခဏရှောင်နေတယ်၊ ပိုက်ဆံတတ်နိုင်တဲ့သူတွေက အိမ်ငှါးနေကြတယ်၊ ကျန်တဲ့သူတွေက တောထဲမှာဘဲ နေရတယ်။ မြို့ပေါ်မှာ အရင်က စစ်ရှောင်လို့ရပေမဲ့ အခုက သူတို့က လက်မခံတော့ဘူး” ဟု ပုလောမြို့ပေါ် စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

    ထွက်ပြေးတိမ်းရှောင်နေရသူအများစုသည် တောထဲတွင်နေထိုင်နေကြရသည့်အတွက် အစားအသောက်နှင် ဆေးဝါးအကူအညီ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီနေသူတို့က ဆိုသည်။ 

    “ပုလောဘက်မှာ ဒေသခံ သောင်းချီပြေးနေကြရတယ်။ ဒီဘက်မှာက စစ်တပ်ရော မြို့နယ်ပကဖတွေရော နှစ်ဖွဲ့စလုံးဖြန့်ကျက်ထားတော့ တိုက်ပွဲက ဖြစ်ဖို့ရှိတယ်လို့ဘဲ ယူဆထားကြတယ်။ နောက်ပြီး  တိုက်ပွဲဖြစ်မှ ပြေးရင် ဝရုန်းသုန်းကားနဲ့ မဲမဲမြင်ရာပစ်မိမှာလည်း စိုးရိမ်ကြတော့ သူတို့တွေ အခုထိ မပြန်ရဲသေးဘူး၊ စစ်တပ်ကလည်း ရွာထဲပြန်လာရင် သတ်မယ်၊ အိမ်တွေမီးရှို့မယ်ဆိုတဲ့ သတင်းတွေကြားနေရတော့ စစ်ရှောင်တဲ့သူတွေက ပိုပိုများလာတယ်။ နောက်ထပ်လည်း ပိုတိုးလာဖို့ရှိတယ်။ စစ်ရှောင်တွေထဲ ကလေးတွေလည်းပါတော့ လိုအပ်နေတာတွေကတော့ အများကြီးပါဘဲ” တနင်္သာရီမြို့နယ်က စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

    တနင်္သာရီတိုင်းတွင် ၂၀၂၃ ခုနှစ်ဆန်းပိုင်းက စစ်ရှောင်ဦးရေး ၈၀၀၀ ကျော်ရှိခဲ့ရာမှ ဖေဖော်ရီလအတွင်းမှာ စစ်ရှောင်သူဦးရေ တစ်သောင်းကျော်အထိ တိုးများလာသည်ဟုလည်း စစ်ရှောင်အရေး ကူညီနေသူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks