မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ပြည်သူ့စစ်ခေါင်ဆောင် ဥှီးမြင့်ရီ (ခ) ပေါပီဆိုသူ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပြည်သူ့စစ်ခေါင်ဆောင် ဥှီးမြင့်ရီသည် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတောင်ဘက်ခြမ်း ငွေလျံလက်ဖက်ရည်ဆိုင်တွင် တည်ရှိနေစဥ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဥှီးမြင့်ရီသည် ဦးခေါင်း၊ ရင်ဘတ်နှင့် ဆီးခုံတို့တွင် ရရှိသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီကို သေနတ်သမားတွေက လက်ဖက်ရည်ဆိုင်အတွင်းမှာ ဝင်ပစ်သွားတယ်၊ ပွဲချင်းပြီး သေသွားတယ်” ဟု ပေါင်မြို့ခံတစ်ဉီးက ပြောသည်။
ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်ဆောင် ဦးမြင့်ရီကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြည်သူ့စစ်ခေါင်ဆောင် ဦးမြင့်ရီကိုရှင်းလင်းစဥ် လက်ဖက်ရည်ဆိုင်အတွင်း အခြားပျူစောထီး တပ်ဖွဲ့ဝင်များ ရှိနေသော်လည်း လက်နက်/ကျည်အားနည်းသည့်အတွက် တစ်ဦးသာ ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း အထူးစစ်ဆေးရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဦးမြင့်ရီသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တို့ အား သင်တန်းပေးနေသူဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရင်းငြိမ်ရဲစခန်းတွင် ညတိုင်းလုံခြုံရေးယူပေးနေသည့်အပြင် လူငယ်တွေကို ဖမ်းဆီးတာ၊ လူငယ်နှင့် CDM တွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး ပြန်ရွေးခိုင်းတာတွေ လုပ်ဆောင်နေသူဖြစ်ကြောင်းလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီနှင့် ပတ်သက်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ ၏ ထုတ်ပြန်ထားချက်အပေါ် လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး မြင့်ရီ၏ရုပ်လောင်းကို ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း၌ ပြည်သူ့စစ်ခေါင်းဆောင်၊ နိုင်ငံရေးပါတီဝင်တွေနှင့် စစ်ကောင်စီသတင်းပေးဆိုသူတို့ အား မကြာခဏပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။