Homeသတင်းရေးမြို့နယ်တွင် အရပ်သား သတ်ဖြတ် ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်

ရေးမြို့နယ်တွင် အရပ်သား သတ်ဖြတ် ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်

-

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့က အရပ်သားပြည်သူတွေကို သတ်ဖြတ်၊ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရေးမြို့နယ် မော့ကနင်ကျေးရွာမှ နိုင်ဗင်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့တို့က ရော်ဘာခြံတွင် ပစ်သတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

“နိုင်ဗင်က မနက်ပိုင်း ၂ နာရီလောက် ရော်ဘာခြံမှာ ရော်ဘာခြစ်နေစဥ်မှာ စစ်ကောင်စီတပ်သားတွေက သေနတ် ၃ ချက် ပစ်လိုက်တယ်” ဟု ဘေးပတ်ဝန်းကျင်ရှိ ခြံသမားများပြောပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နိုင်ဗင်သည် ဝမ်းဗိုက်နှင့် တင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ရပ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းမှ မော့ကနင်ကျေးရွာနေ နိုင်ကျော်ဦးဆိုသူကို အကြောင်းပြချက်မရှိပဲ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတို့က ပြောသည်။

ဖမ်းဆီးသွားပြီးနောက် နိုင်ကျော်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဘူးလို့လည်း မိသားစုဝင်နှင့် နီးစပ်သူတို့က ပြောသည်။

ရေးမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများကို သတ်ဖြတ်ခွင့်ရရှိနေသလိုဖြစ်နေသည်ဟု ရာမညကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

စစ်အုပ်ချုပ်ရေးကြေညာပြီး မွန်ပြည်သူတို့ လုံခြုံမှုမရှိတော့သည့်အခြေအနေရှိနေပြီး ဝမ်းစာရေးအတွက် ပိုမိုခက်ခဲလာတာကိုလည်းမြင်တွေ့လာရသည်ဟုလည်း ထုတ်ပြန်ပါရှိသည်။

ရာမညကာကွယ်ရေးတပ်အနေဖြင့် မွန်ပြည်သူတို့၏ လုံခြုံရေးကိစ္စများကို တာဝန်ယူနိုင်ရန်အတွက် လေးလေးနက်နက်ကြိုးစား အားထုတ်နေဆဲဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသတ်ဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ ကျူးလွန်နေပြီး စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ပိုမိုစိုးရွားလာသည်ဟု ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts