Saturday, March 14, 2026
More
    spot_img
    Homeသတင်းပုလောတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ၇ ဦး ပစ်သတ်ခံရ

    ပုလောတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ၇ ဦး ပစ်သတ်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ညောင်ရှင်ကုန်းကျေးရွာတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ညောင်ရှင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ထဲ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စု ဝင်ရောက်လာပြီး နေအိမ်ရှိ အုပ်ချုပ်ရေးမှူး၏ဇနီးနှင့် မိသားစုဝင် ၇ ဦးကို အကြောင်းပြချက်မရှိဘဲ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    သေနတ်ပစ်ခတ်ခံရမှုကြောင့် ညောင်ရှင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ဇနီး အသက် ၆၁ နှစ်ရှိ ဒေါ်ကြင်နွဲ့၊ သမီးဖြစ်သူ ဒေါ်သန်းသန်းမော်၊ မြေးများဖြစ်ကြသည့် အသက် ၁၇ နှစ်အရွယ် မောင်နေထက်သိန်း၊ အသက် ၁၆ နှစ်အရွယ် မောင်ဇေယျာအောင်၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးမင်းပိုင်၊ အသက် ၉ နှစ်အရွယ် မမေဇင်ဖြူနှင့် အသက် ၂ နှစ်အရွယ် မောင်သားသားတို့ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “သေတာက အားလုံး ၇ ယောက်လုံးပဲ ပွဲချင်းပြီးသေပါတယ်၊ ကလေးတွေလည်း အများကြီးပါတယ်၊ ကျောင်းသားတွေ ၉ တန်း ၁၀ တန်းတွေလည်း ပါတယ်၊ တံခါးဝအနားမှာ ကလေးတွေက သေနေတဲ့ပုံစံအရဆိုရင် ကလေးတွေ အရင်ပစ်ခံရတာဖြစ်နိုင်တယ်၊ သိရသလောက်ဆိုရင် လူတစ်စုက ဝင်ပစ်သွားတာ။ ဘယ်သူလုပ်သွားလဲဆိုတာတော့ သက်ဆိုင်ရာ စစ်ဆေးနေတယ်လို့ ကြားတယ်” ဟု ၎င်းဒေသခံက ပြောသည်။

    ညောင်ရှင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် ၎င်း၏ သမက်ဖြစ်သူကလည်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

    လက်နက်ကိုင်ဆောင်ထားသည့်လူတစ်စုက ဦးမြင့်အောင်ကို နေအိမ်တွင် လာရောက်ပစ်ခတ်ရှင်းလင်းချိန် နေအိမ်တွင် ဦးမြင့်အောင် မရှိသည့်အတွက် ရှိနေသည့်မိသားစုဝင်များကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    “ဦးမြင့်အောင်က အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးပါ၊ သူ့သမက်ကလည်း ပြည်သူ့စစ်အဖွဲ့ဝင်လို့ သိရတယ်၊ ဒါကြောင့်ပဲ သူတို့ကို လာရှင်းရင်းနဲ့ အခုလို ဖြစ်သွားတာလို့ ထင်တယ်၊ ဒါပေမယ့် အဲအချိန်က သူတို့ အိမ်မှာ မရှိနေကြဘူး” ဟု ၎င်းက ဆိုတယ်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုလောမြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးကြည့်ရာ အုပ်ချုပ်ရေးမှူး၏ မိသားစုဝင် ၇ ဦး အသက်ခံရသည့်ဖြစ်စဉ်မှာ ၎င်းတို့အဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း အဆိုပါကိစ္စကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

    “ဒီလုပ်ရပ်မျိုးကို ကျွန်တော်တို့လုပ်မှာမဟုတ်ဘူး၊ ကန့်ကွက်တယ်၊ ရှုတ်ချပါတယ်။ အခုသိရသလောက် မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေတယ်လို့ သိရတယ်၊ ဒါကလည်း မသေချာသေးတယ်၊ ပြောနိုင်တာကတော့ ဒီဖြစ်စဉ်က ကျွန်တော်တို့နဲ့ လုံးဝကို ပတ်သက်မှု မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ပုလောမြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်

    အုပ်ချုပ်ရေးမှူး မိသားစုဝင် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးသလို လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေနှင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

    သုသေတနအဖွဲ့တစ်ခုဖြစ်သည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း အရပ်သားသေဆုံးမှု ၃၆၀ ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks