စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု မိကျောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါးနှင့် ကိုရင်နှစ်ပါး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၁ ရက် ည ၈ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ် ခမရ (၉) မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် မိကျောင်းအိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော်တစ်ပါးနှင့် ကိုရင်နှစ်ပါး ထိမှန်ဒဏ်ရာရပြီး ကျောင်းအဆောက်အဦးတချို့လည်း ထိခိုက်ပျက်ဆီးမှုရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျတော့ သံဃာတော်တစ်ပါး နဲ့ ကိုရင်ကြီးတစ်ပါး၊ ကိုရင်လေး တစ်ပါး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်။ နောက်ကျောင်းဆောင်လည်း ပျက်ဆီးမှုရှိခဲ့တယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာတော့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသစ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၀ ရက် ညနေပိုင်းကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ရှိ ဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။