မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မရှိသလောက် လျော့နည်းလာပြီး ဇန်နဝါရီလအတွင်း၌ ပြည်တွင်းကူးစက်လူနာ ၂ ဦးသာ တွေ့ရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကိုဗစ်လူနာသစ် ၂၉ ဦးရှိခဲ့သည့်အနက် ပြည်တွင်းကူးစက်သူ ၂ ဦးသာရှိပြီး ကျန် ၂၇ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူများဖြစ်ကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ပြည်တွင်းကူးစက်လူနာသစ် ၂ ဦးမှာ သထုံမြို့နယ်နှင့် ရေးမြို့နယ်တို့မှဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။
“လတ်တလော မွန်ပြည်နယ်အတွင်းတော့ Covid – 19 နဲ့ပတ်သက်ပြီး ပြည်တွင်းကူးစက်မှုက မရှိသလောက်ပါပဲ။ ဒါပေမယ့် ထိုင်းနိုင်ငံနယ်စပ်ကနေ တဆင့်ပြန်လည်ဝင်ရောက်လာသူတွေထံကနေ တွေ့ရှိမှုတွေရှိပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံနယ်စပ်မှတဆင့် ပြန်လည်ဝင်ရောက်လာသူများထံမှလည်း ကိုဗစ်ကူးစက်မှု အစုလိုက် အပြုံလိုက် တွေ့ရှိရခြင်းမျိုးမရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ပိုးတွေ့လူနာသစ်များကို Quarantine ထားရှိကာ ကုသပေးများ လုပ်ဆောင်ပေးလျှက်ရှိ ပြည်တွင်းကူးစက်မှု ရှိ၊ မရှိကိုလည်း သက်ဆိုင်ရာ ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းနှင့် ပိုးတွေ့လူနာသစ်များတွေ့ရှိပါကလည်း ကိုဗစ်လုပ်ငန်းစဉ်များအတိုင်း ကုသမှုများပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်းလည်း အထက်ပါ ကျန်းမားရေးတာဝန်ရှိသူ ဆိုသည်။
ဖေဖေါ်ဝါရီလအတွင်းကလည်း မွန်ပြည်နယ်တွင် ပြည်တွင်း ကူးစက်လူနာမရှိခဲ့ကြောင်း ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများတွင်သာ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာသစ်ပေါင်း ၅၁၀၀ ဦးကျော်ရှိခဲ့ပြီး ကိုဗစ်လူနာ ၈၀ ဦးကျော် သေဆုံးသွားခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိစာရင်းများအရ သိရသည်။