spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းပြည်နယ်တွင် စည်းရုံးသည့်ပါတီအဖြစ် မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ရန်ပြင်ဆင်နေ

    ပြည်နယ်တွင် စည်းရုံးသည့်ပါတီအဖြစ် မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ရန်ပြင်ဆင်နေ

    -

    ပြည်နယ်အတွင်း စည်းရုံးလှုပ်ရှားသည့်ပါတီအဖြစ်သာ မှတ်ပုံတင်ရန် မွန်ညီညွတ်ရေးပါတီ ပြင်ဆင်နေသည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

    စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် မွန်ညီညွတ်ရေးပါတီအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးသည့်ပါတီအနေဖြင့် ဖွဲ့စည်းနိုင်‌ တော့မည်မဟုတ်ပဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးသည့်ပါတီအဖြစ် ရပ်တည်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

    ဥပဒေသစ် ပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည်ဟု ပြဌာန်းပါရှိသည်။

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀  စည်းရုံးရမည်ဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြောင်း အထောက်အထားရှိရမည်ဟု ပြဌာန်းပါရှိသည်။

    ဥပဒေပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီဖွင့်လှစ်ရမည်ဟုလည်း ပါရှိသည်။

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်မည်ဟု ပြဌာန်းပါရှိသည်။

    “ပါတီဝင်အင်အား တစ်သိန်းနဲ့ ငွေကျပ်သိန်း ၁၀၀၀ က ပြဿနာမရှိပေမယ့်၊ ပါတီရုံးခန်းတွေကို မြို့နယ်အားလုံးရဲ့ ထက်ဝက်မှာ ဖွင့်ရမှာတို့၊ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တစ်ဝက်လောက် ဝင်ရောက်ယှဉ်ပြိုင်ရမှာတို့က မဖြစ်နိုင်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့က ပြည်နယ်တစ်ခုအတွင်းမှာပဲ စည်းရုံးနိုင်မယ့် ဒေသခံပါတီအနေနဲ့ မွန်ပြည်နယ်ကို အရင်ဖွဲ့သွားဖို့ရှိတယ်” ဟု ပါတီအထွေထွေအတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

    ပါတီမှတ်ပုံတင်ခြင်းအပါအဝင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း အစရှိသည့်နေရာဒေသတို့တွင် မည်သည့်ပုံစံဖြင့် ပါတီစည်းရုံးမှုလုပ်ဆောင်ရမည်ဆိုသည့်ကိစ္စရပ်များကို ယနေ့ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကျင်းပပြီး ဆွေးနွေးဆုံးဖြတ်သွားရန်ရှိသည်ဟုလည်း နိုင်စံတင်က ဆိုသည်။ 

    စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဟု ပြဌာန်းထားသည်။

    မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟုလည်း ဥပဒေသစ်တွင် ပြဌာန်းထားသည်။

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ရွေးကောက်ပွဲ၌ စည်းရုံးရမည့် တိုင်းဒေသပြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင် အနည်းဆုံး မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိပါက ပါတီ ဆက်လက်ရပ်တည်ခွင့်မရှိဘူးလို့လည်း ပြဌာန်းထားသည်။

    မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိထားခဲ့သည့်ပါတီဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks