spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီ ညမထွက်ရအမိန့် ထုတ်

    ရေးမြို့နယ်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီ ညမထွက်ရအမိန့် ထုတ်

    -

    မွန်ပြည်နယ် ရေးမြို့နယ်ကို စစ်ကောင်စီက ပုဒ်မ – ၁၄၄ အရ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း ဒေသခံတို့က ပြောသည်။

    ပစ်ခတ်တိုက်ခိုက်များ မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ဒေသအဖြစ် စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် ပုဒ်မ – ၁၄၄ အရ ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အချိန်အတွင်း စီတန်းလှည့်လည်ခြင်း၊ စုရုံးဟောပြောခြင်း၊ လူ ၅ ဦးထက် ပိုမစုရ၊ ဒုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ခြင်း မပြုရဆိုသည့်အချက်များလည်း ပါဝင်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခံမည်ဟု စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရပ်ကွက်ကျေးရွာများအတွင်း လိုက်လံကြေညာခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် ပုဒ်မ ၁၄၄ သည် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်သက်ဝင်မည်ဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မခြင်း အတည်ဖြစ်သည်ဟု ဆိုထားသည်။

    စစ်ကောင်စီ၏ ညမထွက်မရအမိန့်သည် ပြည်သူတို့အတွက် အခက်အခဲဖြစ်နေပြီး ရေရှည်တွင် မိသားစုစားဝမ်းနေရေးအတွက်ပါ ထိခိုက်လာနိုင်သည်ဟု ရေးမြို့နယ်အတွင်းက ဒေသခံတစ်ဦးက ပြောသည်။

    “ကျွန်မတို့က ညနေစောင်းမှ ဆိုင်စဖွင့်တာ၊ အခုလို မနက် ၆ ည ၆ ထုတ်ပြန်လိုက်တော့ ဘယ်အချိန်မှာ ဈေးရောင်းလို့ရတော့မလဲ၊ ဘယ်ကနေ ဝင်ငွေရှိတော့မလဲ၊ တခြားအလုပ်တစ်ခုခုကို အစကနေ ပြန်လုပ်ဖို့က တော်ရုံအရင်း အနှီးနဲ့ မရနိုင်ဘူး၊ လုပ်ဖို့ကလည်း ထင်သလောက်မလွယ်ဘူးလေ၊ မိသားစုစားဝမ်းနေရေးပါထိခိုက်လာမှာ ဒါကတစ်ချက် နောက် ညကြီးအချိန်မတော်တို့ အရေးပေါ်ကျန်းမာရေး ကိစ္စတွေ ဖြစ်လာရင်လည်း ဘယ်လိုသွားလို့ရမလဲ၊ ပြည်သူတွေဘက်ကိုလည်း ကြည့်ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။

    ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့က ညပိုင်းတွင် ကင်းလှည့်လေ့ရှိနေခြင်းကြောင့် ရော်ဘာအစေးခြစ်လုပ်သားများအတွက်လည်း အခက်အခဲရှိသည်ဟု  ရေးမြို့နယ်မှ ရော်ဘာအစေးခြစ်လုပ်သားတစ်ဦးက ဆိုသည်။

    “သွားလာလို့လည်း မရတော့ဘူး၊ အခန့်မသင့်ရင် ကိုယ့်ခြံထဲ ရာဘာခြစ်နေတာတောင် သူတို့ လုံခြုံရေးလှည့်ကင်းကားက ကိုယ့်ခြံနား ဖြစ်သွားရင် ကိုယ့်ကို တမျိုးမြင်ပြီး ဖမ်းမှာလည်း ကြောက်နေရတယ်၊ အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်” ဟု ၎င်းက ပြောသည်။

    စစ်အုပ်ချုပ်ရေးနှင့် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား မကြာခဏ အပြန်အလှစ်ပစ်ခတ်မှုဖြစ်လေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးများ၊ စစ်အုပ်စု ထောက်ခံသူများ မကြာခဏလုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks