spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းထိုင်းတွင် လစာကောင်းသည့် NGO တွင် အလုပ်ရမည်ဟု မက်လုံးပေးကာ မြန်မာအလုပ်သမားများထံ ငွေလိမ်လည်မှုများရှိ

    ထိုင်းတွင် လစာကောင်းသည့် NGO တွင် အလုပ်ရမည်ဟု မက်လုံးပေးကာ မြန်မာအလုပ်သမားများထံ ငွေလိမ်လည်မှုများရှိ

    -

    ထိုင်းနိုင်ငံအခြေစိုက် NGO တွင် လစာကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ရမည်ဟု မက်လုံးပေးကာ မြန်မာ အလုပ်သမားများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်  မြန်မာအလုပ်သမားများထံမှ သိရသည်။ 

    ယင်းသို့ ငွေကြေးလိမ်လည်နေသူများမှာ ထိုင်းနိုင်ငံရောက်မြန်မာများ တစုတဝေးရှိနေတတ်သည့် ဖေ့စ်ဘွတ်ဂရုများတွင် အကောင့်အတုများ၊ ပေ့ချ်အတုများဖြင့် အယုံသွင်းလိမ်လည်နေခြင်းဖြစ်ကြောင်း ငွေလိမ်ခံခဲ့ရသည့် မြန်မာအလုပ်သမတယောက်က ပြောသည်။ 

    “ဂရုတွေထဲမှာ အလုပ်ခေါ်တာတွေ့တော့ စိတ်ဝင်စားလို့ သွားမေးရင်း ကိုယ်ယုံအောင် ဖုန်းတွေဘာတွေခေါ်ပြီးရှင်းပြတယ်၊ သူ့အကောင့်ထဲမှာလည်း နေ့တိုင်းပုံတွေတင်ဆိုတော့ ကျမလည်း ယုံတာပေါ့နော်။ သူ့ကို CV ဖောင်ပို့ပေးပါ။ သူက ကြားထဲက အေးဂျင့်လုပ်ပေးပါမယ်။ ဒါပေမဲ့ အလုပ်ရှာပေးခ ဘတ် ၁၀၀၀ ပေးရမယ်၊ အရင် ၅၀၀ လွှဲပေးထားဆိုတော့ ကျမလည်း လွှဲပေးလိုက်တော့ ဘလော့သွားတာပဲ” ဟု အလိမ်ခံခဲ့ရသူ မအေးနန္ဒာ (အမည်လွှဲ) က ပြောသည်။ 

    အလားတူဖြစ်ရပ်မျိုးမှာ ပြီးခဲ့သည့်ရက်ပိုင်းက Lwin Yati Hnin May ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က မြန်မာပြည်သားအများအပြားရှိရာ All About Bangkok Facebook Group ထဲတွင် လစာကောင်းပြီး အခြား အခွင့်အရေးများရှိသော  NGO အလုပ်တစ်ခုကို မြန်မာများလာရောက် လျှောက်ထားရန်ဟု မက်လုံးပေးဆွဲဆောင်ကာ ငွေကြေးလိမ်လည်သွားခဲ့သည်လည်း ရှိခဲ့သည်။

    Lwin Yati Hnin May ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အခြေခံလစာ ဘတ် ၁၇၀၀ဝ ပေးမည်ဟုဆိုကာ အလုပ်လျှောက်လွှာခေါ်ယူခဲ့ပြီး လျှောက်ထားခအနေဖြင့် ဘတ် ၂၅၀ သာပေးရမည်ဟု ဖော်ပြထားသည်။ 

    အလုပ်လျှောက်ထားခဟုဆိုကာ ဘတ် ၂၅၀ ကြိုတင်လွှဲပေးရန် Myo Htet Aung အမည်ဖြင့် ဖွင့်ထားသည့် ထိုင်း Kasikorn ဘဏ်အကောင့်နံပါတ်တစ်ခုကို ပြန်ပို့ပေးပြီး ငွေလွှဲခိုင်းခဲ့ကာ ငွေကြေးလိမ်လည်သွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    အလုပ်အကိုင်ရရှိရေး မျှော်လင့်တကြီးရှာဖွေနေသည့် မြန်မာအလုပ်သမားများသည် အလားတူ အယုံသွင်းငွေကြေးလိမ်လည်မှုမျိုးကို မကြာခဏတွေ့ကြုံနေရကြောင်း မြန်မာလုပ်သားများက ဆိုသည်။

    “အစ်မရဲ့သူငယ်ချင်းတွေလည်းခံရတယ်။ အလုပ်ရှာတာဆိုတော့ ကိုယ်ကလည်း မပြောပြဖြစ်ဘူးပေါ့လေ၊ ဘလော့သွားမှ သိတော့ ပါသွားပြီ။ ဒီဘက်မှာ နေထိုင်စရိတ်၊ ဗီဇာခတွေစျေးကြီးတော့ သူမက်လုံးပေးတာကို ယုံမိတာဘဲ။ လူလိမ်တွေက ခဏခဏကိုတွေ့နေရတာပဲ”ဟု ဆိုသည်။

    လိမ်လည်သူများမှာ မြန်မာလုပ်သားများ မျက်စိကျအငိုက်မိစေလောက်မည့် မက်လုံးများဖြစ်သည့်  လစာကောင်းပေးမည်၊ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) အတွက် ကုမ္ပဏီက ကုန်ကျခံပေးမည်၊ နေရာထိုင်ခင်းအတွက် ကွန်ဒိုကိုစီမံပေးမည် စသည်ဖြင့် ဆွဲဆောင်ကြပြီး အုပ်စုဖွဲ့လိမ်လည်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    အခြားမက်လုံးများအမျိုးမျိုးပေးကာ လိမ်လည်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့်အတွက် မြန်မာလုပ်သားများအနေဖြင့် သေချာစိစစ်ပြီးမှသာ ယုံကြည်သင့်သကဲ့သို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများအဖွဲ့အစည်းများအနေဖြင့်လည်း ကူညီဖြေရှင်းပေးရန် လိုအပ်နေကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

    “အခုအခြေနေက လူလိမ်တွေက အုပ်စုဖွဲ့လိမ်နေကြတာ၊ သေချာစိစစ်ဖို့လိုနေတယ်၊ ဒီလိုလိမ်တယ်ဆိုတာတွေက အမြဲကိုကြားနေရတာ၊ ငွေလဲရင်း အလိမ်ခံရတယ်၊ ဘတ်(ပန်းရောင်ကတ်)ရိုက်ရင်းအလိမ်ခံရတယ်၊ အလုပ်ရှာပေးတဲ့နေရာတွေက လိမ်နေတာတွေကို ကျနော်တို့အနေနဲ့ ဖြေရှင်းပေးဖို့လိုနေတယ်” ဟု အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။ 

    အဆိုပါလိမ်လည်မှုများသည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်လောက်ခန့်တွင် ပိုမိုမြင့်တက်လာကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။ 

    ပြည်တွင်း နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအကြား ငွေကြေး လိမ်လည်မှု ပုံစံမျိုးစုံဖြင့်ရှိနေပြီး အရေးယူလုပ်ဆောင်ပေးမှုများလိုအပ်လျှက်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားများက မှတ်ချက်ပြုကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks