spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းသရက်ချောင်း ရငဲရွာသားနှစ်ဦး ဖမ်းဆီး ပစ်သတ်ခံရ

    သရက်ချောင်း ရငဲရွာသားနှစ်ဦး ဖမ်းဆီး ပစ်သတ်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာခံ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    အင်အား ၂၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ရငဲကျေးရွာထဲ ဝင်ရောက်လာပြီးနောက် နေအိမ်တစ်လုံးရှိ အသက် ၃၀ နှစ်အရွယ် ကိုပိုင်စိုးနှင့် အသက် ၂၁ နှစ်အရွယ် ကိုဖြိုးငယ်ဇော်တို့ကို ဖမ်းဆီးခဲ့သည်။

    ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့တို့က နေအိမ်ထဲ ဝင်ရောက်ရှာဖွေရာ လက်လုပ်တူးမီသေနတ်တွေ့ရှိသည်ဆိုပြီး ကိုပိုင်စိုးနှင့် ကိုဖြိုးငယ်ဇော်တို့နှစ်ဦးကို ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရော်ဘာခြံတစ်ခုထဲတွင် ပစ်သတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “သူတို့စစ်ကြောင်းက ရွာလမ်းအတိုင်းဝင်လာတာ၊ အိမ်ခြံတစ်ခုမှာရှိနေတဲ့ အမျိုးသားနှစ်ဦးကို တွေ့လို့ သူတို့ဝင်သွားတာ၊ အိမ်ထဲဝင်စစ်တော့ လက်လုပ်တူးမီးသေနတ်တွေ့လို့ဆိုပြီး သူတို့နှစ်ယောက်ကို ဖမ်းခေါ်သွားတာ ကြိုးတုပ်ပြီးတော့၊ ခဏနေ အဲစစ်ကြောင်းက ထွက်သွားတယ်၊ ဒါပေမယ့် ဖမ်းသွားတဲ့ နှစ်ယောက်က ပြန်မရောက်လာဘူး၊ ရွာသားတွေက လိုက်ရှာကြည့်တော့မှ ရိုက်ခံထိထားတဲ့ ဒဏ်ရာတွေနဲ့ ခေါင်းမှာ သေနတ်ပစ်ခံရတဲ့ ဒဏ်ရာနဲ့ သေနေတာတွေ့လိုက်တာပါ” ဟု ၎င်းဒေသခံက ဆိုသည်။

    စစ်ကောင်စီတပ်တို့ ပစ်သတ်ခံသည့် အဆိုပါ အမျိုးသားနှစ်ဦးသည် ရငဲကျေးရွာနေ သာမန်အရပ်သားများဖြစ်ကြပြီး တစ်ဦးက ဘုန်းကြီးကျောင်းတွင် နေထိုင်ပြီး တစ်ဦးက ရော်ဘာအစေးခြစ်သည့် အလုပ်ကို လုပ်ကိုင်နေသူများဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    ကိုပိုင်စိုးနှင့် ကိုဖြိုးငယ်ဇော်တို့နှစ်ဦးတို့၏ ရုပ်အလောင်းကို မိသားစုဝင်တို့ ယမန်နေ့ မွန်လွဲ ၁ နာရီခန့်တွင် မီးသဂြိုလ်ခဲ့သည်။

    စစ်ကောင်စီတပ်ဖွဲ့တို့သည် ရငဲကျေးရွာထဲဝင်ရောက်လာချိန်တွင် တခြားအရပ်သားနေအိမ်များကိုလည်း ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတချို့ ဖျက်ဆီးသွားခဲ့သည့်အပြင် နေအိမ်တစ်ခုတွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံတို့က ပြောသည်။

    သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့က ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ရာတွင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်လေ့ရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ ၃၆၀ ကျော် သေဆုံးခဲ့ရသည်ဟု သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks