spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းပါတီမှတ်ပုံတင်ခြင်းကိစ္စ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်

    ပါတီမှတ်ပုံတင်ခြင်းကိစ္စ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်

    -

    မွန်ညီညွတ်‌ရေးပါတီ (MUP) အနေဖြင့် ပါတီမှတ်ပုံတင်မည့်ကိစ္စကို ဖေဖော်ဝါရီဒုတိယအပတ်အတွင်း ကျင်းပမည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု ပါတီတာဝန်ရှိသူတို့က ပြောသည်။

    စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဟု ပြဌာန်းထားသည်။

    မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟုလည်း ဥပဒေသစ်တွင် ပြဌာန်းထားသည်။

    မွန်ညီညွတ်‌ရေးပါတီအနေဖြင့် ပါတီမှတ်ပုံပြန်တင်မည့်အနေအထားရှိပြီး လာမည့် ဗဟိုကော်မတီအစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုသွားမည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    “ပါတီမှတ်ပုံတင်ဖို့ အနေအထားတော့ ရှိတာပေါ့နော် ဒါပေမဲ့ ဒီဗဟိုကော်မတီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို ပြန်ယူရမှာပေါ့ အကုန်လုံး တိုင်ပင်ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ မှတ်ပုံတင်သင့်ရင် တင်မှာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

    ဥပဒေသစ် ပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည်ဟု ပြဌာန်းပါရှိသည်။

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀  စည်းရုံးရမည်ဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြောင်း အထောက်အထားရှိရမည်ဟု ပြဌာန်းပါရှိသည်။

    စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်သည် မွန်ညီညွတ်ရေးပါတီအတွက် မှတ်ပုံတင်ရန် အခက်အခဲရှိနေသည်ဟုလည်း နိုင်သန်းရွှေက ဆက်ပြောသည်။

    “တကယ်လို့ ကျနော်တို့ ကရင်ပြည်နယ်မှာလဲ ပြိုင်ချင်တယ်၊ အလားတူ တနင်္သာရီတိုင်း၊ ရန်ကုန်၊ ပဲခူးတို့လည်း ပြိုင်ချင်တယ်ဆိုရင် အခက်အခဲတော့ ဖြစ်တာပေါ့၊ ကျွန်တော်တို့ လူဦး‌ရေပျံ့ကျဲပြီးတော့ နေထိုင်နေတဲ့အတွက်ကြောင့် ဒါကတော့ အခက်အခဲတစ်ခုပေါ့” ဟု ၎င်းက ပြောသည်။

    ဥပဒေပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီဖွင့်လှစ်ရမည်ဟုလည်း ပါရှိသည်။

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်မည်ဟု ပြဌာန်းပါရှိသည်။

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ရွေးကောက်ပွဲ၌ စည်းရုံးရမည့် တိုင်းဒေသပြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင် အနည်းဆုံး မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိပါက ပါတီ ဆက်လက်ရပ်တည်ခွင့်မရှိဘူးလို့လည်း ပြဌာန်းထားသည်။

    မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိထားခဲ့သည့် တိုင်းရင်းသားပါတီဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks