မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာ သံဖြူဇရပ်-ရေးကားလမ်းမပေါ်တွင် သဲကျောက်ကားမောင်းလာနေသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်တို့က အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်အချိန်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ လမိုင်းမြို့ ဘက်ကို သဲကျောက်ကားမောင်းပြန်လာသည့် အသက် ၂၉ နှစ်အရွယ် ကိုအောင်နိုင်စိုးသည် စစ်ကားနှင့် ကြုံပြီး စစ်ကားပေါ်ပါလာသည့် တပ်သားတို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအောင်နိုင်စိုးသည် ဝဲဘက်ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
“သူက အုတ်သဲကျောက်ရောင်းဝယ်ရေး လုပ်နေတာ လမိုင်းကနေ ငပမှာ သဲသွားပို့တာ၊ အပြန်မှာပဲ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ဒီအတိုင်း စစ်သားက သူ့ကို ပစ်လိုက်တာ၊ ပေါင်မှာ ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သံဖြူဇရပ်-ရေးကားလမ်းမတလျှောက်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။