Sunday, March 15, 2026
More
    spot_img
    Homeသတင်းသရက်ချောင်း ညောင်ဇင်ရွာကျောင်းအနီး အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ ကျောင်း မီးလောင်

    သရက်ချောင်း ညောင်ဇင်ရွာကျောင်းအနီး အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ ကျောင်း မီးလောင်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်း အနီးတွင် ယနေ့ နံနက်အစောပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် အဆိုပါ အထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဖေဖေါ်ဝါရီ ၃ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ညောင်ဇင်ကျေးရွာနေ အသက် (၅၆) နှစ်အရွယ် ဦးအောင်နိုင်ဦးသည် ညောင်ဇင်ကျေးရွာမှ ထားဝယ်မြို့သို့ ရေခဲတက်ဝယ်စဉ် ကျေးရွာအပြင်ဘက်ရှိ အထက်တန်းကျောင်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

    ဦးအောင်နိုင်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကို မသိရှိရသေးပေ။

    မွန်လွဲ ၁၂ နာရီခန့်တွင် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာကြောင်း ယင်းနောက် မွန်းလွဲ ၁၂ နာရီအချိန်ခန့်မှာတော့ ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “မွန်းလွဲ (၁၂) နာရီခွဲလောက်မှာ ကျောင်းဘက်ကနေ မီးခိုးလုံးကြီးတွေ တက်လာတာတွေ့ရတယ်။ ဘယ်လိုကြောင့် မီးလောင်တယ်ဆိုတာ တိတိကျကျမသိသေးဘူး။ ကျောင်းဆောင်တွေလည်း မီးလောင်နေတာတွေ့ရတယ်။ အဲ့ဒါနဲ့ ဒေသခံတွေ မီးငြှိမ်းဖို့သွားကြတော့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက်တာတွေလုပ်တော့ ပြန်ပြေးလာကြရတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်း ပင်မကျောင်းဆောင်အပါအဝင် ကျောင်းဆောင်များအားလုံးမီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ရကြောင်း၊ မီးလောင်မှုအား ထားဝယ် နှင့် သရက်ချောင်းမြို့များမှ မီးသတ်ကားများ လာရောက်ငြှိမ်းသတ်နေသည်ကိုတွေ့ရကြောင်း ၎င်းဒေသခံက ဆိုသည်။

    ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်း မီးလောင်ရသည့်အကြောင်းအရင်းအတိအကျကို မသိသေးဘူးလို့လည်း ဒေသခံတို့က ပြောသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းတက်သူမရှိသည့်အတွက် ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်း ပိတ်ထားခဲ့ရသည်ဟုလည်း သိရသည်။

    “ကျောင်းက ကျောင်းတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေ မရှိသလို၊ ဆရာ၊ ဆရာမတွေမရှိတော့ ပိတ်ထားတဲ့ကျောင်းလို့ သိရတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    ညောင်ဇင်ကျေးရွာသည် ထားဝယ် – မြိတ် ကားလမ်းမဘေးတွင် တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks