မွန်ပြည်နယ် သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း (ကွင်းကူးတိုးဂိတ်) အနီးတွင် ကုန်တင်ရထားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အတွဲ (၁၇) တွဲပါ ကုန်တင်ရထားသည် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်အချိန်ခန့်က ပေါင်မြို့နယ်ဘက်က လမ်းခင်းကျောင်များ တင်ဆောင်လာပြီး ပဲခူးတိုင်းဒေသကြီးဘက်သို့ ထွက်ခွာလာစဥ် ရထားမိုင်တိုင်အမှတ် ၁၄၁ အရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်သည်။
“မနေ့ မနက်ပိုင်းက ကွင်းကူးတိုးဂိတ်အနီးမှာ ကုန်တင်ရထားမိုင်းဆွဲခံရတယ်လို့ သိရတယ်။ ပေါက်ကွဲသံကိုတော့ အကျယ်ကြီးမကြားလိုက်ရဘူး။ လုံခြုံရေးတွေချထားပြီးတော့ ရထားလမ်းပြန်ပြင်နေတာကိုတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မိုင်းဆွဲခံရခြင်းကြောင့် ရထားတွဲ (၃) တွဲ လမ်းချော်သွားသည့်အပြင် ရထားသံလမ်း ၆ ပေခန့် ပြတ်တောက်သွားပြီး ဇလီဖားတုံး ၃ တုံး ပျက်ဆီးသွားကြောင်း သက်ဆိုင်ရာ မြန်မာ့မီးရထားဌာနထံမှ သိရသည်။
ကုန်တင်ရထားမိုင်းဆွဲခံရမှုကြောင့် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ရထားခရီးစဉ်များ နောက်ကျခဲ့ရသည်ဟု ခရီးသွားတို့ထံမှ သိရသည်။
“ရန်ကုန်ကနေ မနက် ၆ နာရီခွဲ ထွက်တဲ့ ရထားက မနက် ၈ နာရီခွဲလောက်မှထွက်ဖြစ်တယ်။ သထုံဘူတာကို ညနေ ၄ နာရီခွဲလောက် ရောက်တော့ ရထားက ဆက်သွားလို့မရသေးဘူး။ အဲ့ဒါနဲ့ ရထားပေါ်ကဆင်းပြီး ကားနဲ့ပဲ မော်လမြိုင်မြို့ကို ခရီးဆက်ခဲ့ရတယ်” ဟု ရန်ကုန်မှ မော်လမြိုင်သို့လာသည့် ခရီးသွားတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ ရထားလမ်းပိုင်း ပြုပြင်မှုပြီးစီးသွားပြီးဖြစ်သည့်အတွက် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ရထားခရီးစဉ် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနေပြီးဟု မော်လမြိုင်ဘူတာ တာဝန်ရှိသူတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရသေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း သထုံ၊ ဘီးလင်းမြို့နယ်အတွင်း၌ ရထားမိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ရထားလမ်းပိုင်းထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်မှုမရှိကြောင်း သိရသည်။