မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာတွင် ငွေစက္ကူအတု ဝယ်ယူ အသုံးပြုသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင်ခန့်က ချောင်းဆုံမြို့နယ် ကုလားတို့ကျေးရွာ၊ ရွာဝင်လမ်းအနီးရှိ ရွှေဆိုင်သို့ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာနေသူ မဇင်မာလင်း (၃၀) နှစ်နှင့် တူဖြစ်သူ ကိုဇော်ဇော်လင်း (၃၉) နှစ်တို့သည့် (၁၅) ပဲရည်၊ စပရိန်ပုံ (၃) ပဲသား လာရောက်ဝယ်ယူကာ ကျသင့်ငွေတန်ဖိုး ၄၈၀၀၀၀ ကျပ်အား ပေးချေခဲ့သည်။
အဆိုပါ ငွေများကို ရွှေဆိုင်ပိုင်ရှင်မှ စစ်ဆေးကြည့်ရာ တစ်သောင်းကျပ်တန်ငွေစက္ကူ ၈ ရွက်သည် အတုဖြစ်နေသည်ကို တွေ့ရှိခဲ့သောကြောင့် ၎င်းတို့နှစ်ဦးအား ချောင်းဆုံမြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ချောင်းဆုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရွှေဆိုင်က သေချာစစ်လို့ သိရတာ။ ဒီတိုင်း ဝယ်မယ်၊ သုံးနေမယ်ဆိုလည်း သတိထားမိကြမှာ မဟုတ်ဘူးလေ။ အခုတောင် ဘယ်လောက် ပြန့်နေပြီးလဲ မသိဘူး”ဟု ၎င်းက ပြောသည်။
ထိုနောက် မဇင်မာလင်း၏ နေအိမ်အား ည ၁၁ နာရီခွဲက ဝင်ရောက်ရှာဖွေရာ နေအိမ်လှေကားထိပ် ဘေးဝရံတာရှိ ပလပ်စတစ်ပုံးအတွင်း ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော တစ်သောင်းကျပ်တန်ငွေစက္ကူ ၉ ရွက် ထပ်မံတွေ့ရှိကြောင်း ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။
ငွေစက္ကူ ၉ ရွက်ကို စစ်ဆေးကြည့်ရာ ၆ ရွက်မှာ အတုဖြစ်နေသည်ကိုစစ်ဆေးတွေ့ရှိခဲ့သောကြောင့် ရှာဖွေမှုပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆက်ပြောသည်။
“အွန်လိုင်းကနေ ဝယ်ထားတဲ့ ပိုက်ဆံအတုတွေလို့ သိရတယ်။ စုံစမ်းစစ်ဆေးနေတုန်းပဲ။ သူတိုနဲ့ ဆက်စပ်နေတဲ့သူတွေကို ဆက်ပြီး ရှာနေတယ်”ဟု ၎င်းက ပြောသည်။
မဇင်မာလင်း အား ဆက်လက် စစ်ဆေးရာတွင် ၎င်း၏ ခင်ပွန်းဖြစ်သူ အောင်ကိုကို၏ ညီဖြစ်သူ ထက်ဝေအောင် က လူမှုကွန်ယက်မှတဆင့် Ei Ko Ko Account သို့ ဆက်သွယ်၍ ငွေစက္ကူအတု (၂၈၀၀၀၀) ကျပ်အား မှာယူခဲ့ရာ တန်ဖိုးငွေကျပ် ၁၈၀၀၀၀ ပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
မဇင်မာလင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် ငွေစက္ကူအတုများအပြင် နေအိမ်၏ ရေခဲသေတ္တာအတွင်းမှ ဘိန်းစာရွက်ပြုတ်ရည် ဗူးကြီးတစ်ဗူး နှင့် ဘိန်းစာရွက်အစို (၁၅၀) ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကိုအောင်ကိုကိုအား မူးယစ်ဆေးဝါး တရားမဝင်သုံးစွဲရန် အလို့ငှာ လက်ဝယ်ထားရှိမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ငွေစက္ကူအတု ဝယ်ယူသုံးစွဲမှုနှင့် ပတ်သတ်ပြီး ဆက်လက် စစ်ဆေးစုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။