Tuesday, March 10, 2026
More
    spot_img
    Homeသတင်းခိုးမှု၊ လုယက်မှုတွေကြောင့် ပြည်သူတွေကိုယ်ထူကိုယ်ထဖြင့် ကင်းစောင့်

    ခိုးမှု၊ လုယက်မှုတွေကြောင့် ပြည်သူတွေကိုယ်ထူကိုယ်ထဖြင့် ကင်းစောင့်

    -

    မွန်ပြည်နယ်အတွင်း ခိုးမှု၊ လုယက်မှုတွေ များလာသောကြောင့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်တစ်ချို့တွင် ကိုယ်ထူကိုယ်ထဖြင့် ကင်းလှည့်အဖွဲ့များ ဖွဲ့စည်းပြီး ကင်းစောင့်နေရကြောင်း ရပ်ကွက်ပြည်သူတို့ထံမှ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့နယ်အတွင်း၌ ခိုးမှု၊ လုယက်မှုများ သိသိသာသာမြင့်တက်လာသောကြောင့် ရပ်ကွက်အတွင်း စောင့်ကြည့်ရမည့်အခြေအနေဖြစ်လာကြောင်း မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်မှ လူငယ်တစ်ဦးက ပြောသည်။

    “ရပ်ကွက်ထဲက လူငယ်တွေနဲ့ပဲ ကင်းလှည့်ကြတယ်ပေါ့။ ဘာလို့ဆို ဆိုင်ကယ်တွေ ပျောက်တယ်။ ဖုန်းလုခံရတယ်။ ဆိုင်ကယ်တွေက နှစ်ရက်ခြားတစ်ခါလောက်ကို ပျောက်နေတာဆိုတော့ စောင့်ကြည့်မှ ရတော့မယ်လေ” ဟု ၎င်းက ပြောသည်။

    သီရိမြိုင်ရပ်ကွက်အတွင်း ဆိုင်ကယ်ခိုးမှု၊ ဆိုင်ဖောက်ထွင်းမှုနှင့် ဖုန်း၊ ပိုက်ဆံအိတ်လုယက်သည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    ရပ်ကွက်အတွင်း သောင်းကျန်းနေသည့် ခိုးမှု လုယက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း တာဝန်ယူဖြေရှင်းပေးနိုင်ခြင်းမရှိသောကြောင့် ရပ်ကွက်နေပြည်သူများက ယခုလို ကိုယ်ထူကိုယ်ထဖြင့် ကင်းစောင့်ကြရန် လုပ်ဆောင်ရခြင်းဖြစ်သည်။

    ငန်းတေးရပ်ကွက်မှ လူငယ်တစ်ဦးကလည်း “ညမထွက်ရအမိန့်လည်း ရှိနေတာဆိုတော့ ရပ်ကွက်ထဲမှာပဲ စောင့်ကြည့်၊ ကင်းလှည့်ရမှာပေါ့။ လူအများကြီးစုပြီး နေလို့တော့ အဆင်မပြေဘူးလေ။ အလှည့်ကျ အဆင်ပြေသလို့ စောင့်ရမှာပေါ့”ဟု ပြောသည်။

    မော်လမြိုင်အပါအဝင် ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် ခိုးမှု၊ လုယက်မှုဖြစ်စဉ် အများစုကလည်း  ဖမ်းဆီးရမိခြင်း မရှိဘူးလို့လည်း မြို့ခံများထံက သိရသည်။

    “ဆိုင်ကယ်ပျောက်တိုင်လည်း တိုင်ပဲ ပြန်ရတာလည်းမရှိဘူး။ ဖမ်းမိတယ်ဆိုတာလည်း မကြားမိဘူး။ အစ်မဆိုင်ကယ်ဆို ပျောက်ကတည်းက အဆုံးပဲ။ ပြန်ကို မရတော့တာ။ ရဲစခန်းသွားလည်း သွားပဲ။ ပြန်ရဖို့မရှိဘူး”ဟု မော်လမြိုင်မြို့၊ သီရီမင်္ဂလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့နယ်အတွင်း လမ်းဆုံလမ်းခွနေရာများ၌ စစ်ကောင်စီမှ စီစီတီဗီများ တပ်ဆင်ထားသော်လည်း ခိုးမှု လုယက်မှုပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိပါ။

    မွန်ပြည်နယ်အတွင်း၌ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးမှု လုယက်မှုများ သိသိသာသာများပြားလာကြောင်း မြို့ပေါ်တွင်သာမက ကျေးလက်ဒေသတွေမှာလည်း ခိုးမှု၊ လုယက်မှုတွေ ပိုမိုများပြားလာသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks