Thursday, March 12, 2026
More
    spot_img
    Homeသတင်းစစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ ပေါ်ပေါ်ထင်ထင် အခွင့်အရေးချိုးဖောက်ခံနေရ

    စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ ပေါ်ပေါ်ထင်ထင် အခွင့်အရေးချိုးဖောက်ခံနေရ

    -

    မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ ပေါ်ပေါ်ထင်ထင် အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အမျိုးသမီးအရေးလှုပ်ရှာနေသူတို့က ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုအပြင် ခြိမ်းခြောက်မှု၊ အခွင့်အရေးချိုးဖောက်မှုတွေကို ပေါ်ပေါ်ထင်ထင်ပြုလုပ်ခံနေရသည်ဟု လွတ်မြောက်နယ်မြေတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

    “ပဋိပက္ခမဖြစ်လို့ တိုက်ပွဲမဖြစ်လို့ဆိုပြီး အမျိုးသမီးတွေလုံခြုံနေတာမဟုတ်ပါဘူး။ ဒုစရိုက်သမားတွေ မုဒိမ်းသမား၊ လုယက်သမားတွေက ပိုများလာတယ် အဲလိုဖြစ်လာတဲ့ခါကျရင်လည်း ဘယ်တရားရုံးကို သွားရမှာလဲမသိဘူး အရေးယူပေးမဲ့လူလည်းမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

    နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ယခုလို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

    အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း စစ်အာဏာသိမ်းကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှု ၁၁၁ မှု အရပ်သားမှ ကျူးလွန်သည့် မုဒိန်းမှု ၁၄ အမှုနှင့် စစ်တပ်မှ ကျူးလွန်သည့် မုဒိန်းမှု ၁၆ မှုထက်မနည်းရှိကြောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

    ၎င်းပြင် မြန်မာနိုင်ငံတွင် ရှည်လျားသည့် ပြည်တွင်းစစ်ပဋိပက္ခများ ဖြစ်ပွားနေသောနိုင်ငံဖြစ်ပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပိုမိုများပြားလာသည့်အဓိက အကြောင်းအရင်းမှာ ဖိုဝါဒကြီးစိုးသည့်စနစ်ကျင့်သုံးခြင်းနှင့် စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်သည်ဟုလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ထုတ်ပြန်ထားသည်။

    အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ ရက်တာလှုပ်ရှားမှုအစီအစဥ်တွေကိုလည်း အမျိုးသမီးအရေးလှုပ်ရှားနေကြသည့်အဖွဲ့အစည်းတို့က ကျင်းပပြုလုပ်လျှက်ရှိသည်။

    “လှုပ်ရှားမယ့်အစီစဉ်ကတော့ အများကြီးရှိတယ် ဒါ့ပေမယ့်အရင်လိုလွတ်လွတ်လပ်လပ်တော့မဟုတ်ဘူးပေါ့ အခမ်းနားနဲ့ Activities တွေမှာ ဒသခံတွေပါဝင်နိုင်ဖို့ စီစဉ်ထားတာတွေရှိတယ် ဒါမဲ့နေရာအတိအကျတော့ ပြောလို့မရသေးဘူး” ဟု မွန်ပြည်နယ်က အမျိုးသမီးအရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

    ယခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွင် “ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်” ဆိုပြီး ကြွေးကြော်သတ်မှတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks