Saturday, April 4, 2026
More
    spot_img
    Homeသတင်းလုံခြုံရေးကြောင့် မီးရထားဖြင့် ခရီးသွားလာသူ ပိုများလာ

    လုံခြုံရေးကြောင့် မီးရထားဖြင့် ခရီးသွားလာသူ ပိုများလာ

    -

    မွန်ပြည်နယ်တွင် မီးရထားဖြင့် ခရီးသွားလာသူ ပိုများလာကြောင်း မြန်မာမီးရထား (မော်လမြိုင်)မှ တာဝန်ရှိသူတို့နှင့် ခရီးသွားများထံမှ သိရသည်။

    ယခင်က ကားဖြင့် ခရီးသွားရာတွင် လမ်းခရီးအဆင်ပြေမှု ရှိခဲ့သော်လည်း ယခုနောက်ပိုင်း ကားလမ်းခရီးတွင် စစ်ဆေးမှုများပြီး ခရီးကြန့်ကြာခြင်းနှင့် လမ်းတွင် ပစ်ခတ်မှု မကြာခနမှုဖြစ်ပွားနေသည့်အတွက် လုံခြုံရေးအရ မီးရထားဖြင့် ခရီးသွားသည်ကို ပိုမိုရွေးချယ်လာကြသည်။

    “ကားနဲ့သွားတာထက် ရထားက ပိုလုံခြုံတယ်လို့ခံစားရတယ်။ ဘာလို့ဆို အခုက ကားလမ်းမှာဆို ခဏခဏ ပစ်ခတ်တာဖြစ်တယ်။ ပြီးတော့ စစ်တာလည်း အကြာကြီး စောင့်ရတယ်။ ခရီးဖင့်တာပေါ့။ အရင်က ကားနဲ့သွားတာ အဆင်ပြေတယ်။ အခုက ရထားနဲ့က ပိုအဆင်ပြေတယ်” ဟု မော်လမြိုင်-ရန်ကုန်သို့ ခရီးသွားလာနေသူတစ်ဦးက ပြောသည်။

    ၎င်းပြင် မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲသည့် မီးရထားကို လေအိတ်ရထားဖြင့် ပြောင်းလဲလိုက်‌သောကြောင့်လည်း ခရီးသွားလာရာတွင် သက်တောင့်သက်သာ ရှိသည့်အတွက်ကြောင့်လည်း မီးရထားဖြင့် ခရီးသွားသူ များလာခဲ့သည်။

    “အရင်တုန်းကကျတော့ ကားတွေနဲ့ပဲ သွားတာများတယ်၊ မြန်တယ် သက်တောင့်သက်သာရှိတယ်ပေါ့။ အခုကျတော့ ကားလမ်းတွေလည်းကြပ်တယ်လေ။ အဲတော့ ရထားနဲ့ဈေးကလည်းမကွာတော့ ရထားနဲ့သွားကြတာပိုများလာတယ်လို့ထင်တယ်” ဟု မြန်မာမီးရထား (မော်လမြိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ယခင်က မီးရထားဖြင့် ခရီးသွားသူ နည်းပါးသောကြောင့် လက်မှတ်များ ပိုနေသော်လည်း ယခုအခါ သုံးရက်ကြိုတင်စနစ်ဖြင့် ရောင်းချပေးနေသော်လည်း လက်မှတ်များ အကုန်မြန်နေကြောင်းလည်း မြန်မာမီးရထား (မော်လမြိုင်) ထံမှ သိရသည်။

    မော်လမြိုင်-ရန်ကုန် လေအိတ်ရထားသည် ရိုးရိုးတန်းလက်မှတ် တစ်စောင်ကို ၃၅၅၀ ကျပ် နှင့် အထက်တန်း လက်မှတ် တစ်စောင်ကို ၇၀၅၀ကျပ် ဖြင့် ရောင်းချပေးနေပြီး ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြို၊ အထက်တန်းလက်မှတ်ကို သုံးရက်ကြိုစနစ်ဖြင့် မော်လမြိုင်ဘူတာကြီးတွင် နံနက် ၇နာရီခွဲမှစတင်ကာ ရောင်းချပေးနေသည်။

    မီးရထားဖြင့် ခရီးသွားလာသူများလာသည့်အတွက် လက်မှတ်ကို ကြိုတင်ဝယ်ယူမှသာ အဆင်ပြေနိုင်သည်ဟု မော်လမြိုင်-ရန်ကုန်သို့ ရထားဖြင့် ခရီးသွားခဲ့သူ တစ်ဦးက ပြောသည်။

    “ရထားနဲ့က ခရီးသွားလာကြတာ များလာတယ်။ အဲတော့ စောစောသွားဝယ်မှ ဒီနေ့သွားမယ်ဆို မနေ့မနက်မှ သွားဝယ်လို့မရဘူး။ လက်မှတ်ရတယ် ခုံမရဘူးပေါ့။ အဲလိုတွေရှိတယ်”ဟု ၎င်းက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်တွင် ပစ်ခတ်မှု မကြာခနဖြစ်ပွားနေပြီး ခရီးသွားကားများလည်း ပစ်ခတ်ခံရသည့်ဖြစ်စဥ်များရှိသည့်အပြင် ခရီးသည် ထိခိုက်သေဆုံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks