
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း လိမ္မော်ခြံကျေးရွာရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် ရွေ့ပြောင်း အလုပ်သမားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
လိမ္မော်ခြံကျေးရွာရှိ ရော်ဘာခြံတစ်ခုတွင် လုပ်ကိုင်နေသည့် အသက် ၃၆ နှစ်အရွယ် အလုပ်သမားအမျိုးသားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားသည် ရော်ဘာခြံတွင် တည်ရှိနေစဥ် စစ်ကောင်စီတပ်တို့က ရောက်ရှိလာခဲ့ပြီး
“စစ်တပ်က ခြံထဲရောက်လာပြီးတော့ သူ့ရဲ့သားကိုခေါ်တာ၊ သူက သူ့သားမှာ ဘာအပြစ်မရှိဘူး သားကို မခေါ်ပါနဲ့လို့ အဖေက ပြောတယ်၊ တပ်ကလည်း သားကိုခေါ်မရလို့ အဖေဖြစ်သူကိုခေါ်တယ်၊ အသွားနှေးတယ်ဆိုပြီး တပ်က သေနတ်နဲ့ ပစ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါခြံအလုပ်သမား၏ ပခုံးတွင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။
သေနတ်ဖြင့် ပစ်ခံရသည့် ခြံအလုပ်သမားသည် စစ်ကိုင်တိုင်းဒေသကြီးမှဖြစ်ပြီး ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာတွင် ရော်ဘာခြံအလုပ်သမားအဖြစ် ၃ နှစ်ကျော်ကြာ လာရောက်လုပ်ကိုင်နေသူဖြစ်သည်။
ကျည်ဖောက်ဝင်ဒဏ်ရာရရှိသွားသည့် ခြံအလုပ်သမားကို လူမှုကူညီကယ်ဆယ်ရေးအသင်းအကူအညီဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်။
ရေးမြို့နယ်အတွင် စစ်ကောင်စီတပ်တို့မှ ဒေသခံပြည်သူတို့ကို မကြာခဏ ပစ်ခတ်လေ့ရှိပြီး အသက်သေဆုံးသွားရသူတွေလည်း ရှိခဲ့သည်။


