
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦးသေဆုံး၊ ၄ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်များပါ သိမ်းဆည်းရမိသည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့က နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် စခန်းမှူး လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦး၊ တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ တပ်ကြပ်ကြီး အေးကို၊ ဒုတပ်ကြပ် မျိုးအေး၊ ရဲတပ်သား လွင်ကိုဟိန်း၊ ရဲတပ်သား ကိုလင်းတို့ အရှင်ဖမ်းဆီးရမိသည်ဟုလည်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ ဒုရဲအုပ် နန္ဒစိုးနှင့် ရဲဘော် တလာကိုတို့ နှစ်ဦးက ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ထုတ်ပြန်ထားသည်။
၎င်းပြင် ရဲစခန်းမှ AK 47 တစ်လက်၊ M16 ၄ လက်၊ G3 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ AK 47 ကျည် ၂၀၀၊ M16 ကျည် ၅၀၀၊ G3 ကျည် ၃၀၀၊ ၆၀ မမကျည် ၁၀ လုံး သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ပါရှိသည်။
တိုက်ပွဲဖြစ်ပြီးချိန်တွင် စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ထိခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်ကိုလည်း ပါရှိသည်။
စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့်အပြင် နေအိမ်နှင့် အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။


