
နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန့်ခန့် တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရွှေသံလွင်တိုးဂိတ်ဟောင်းအနီးရှိ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် ရွှေသံလွင်တိုးဂိတ်ဟောင်းအနီးရှိ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သုံးနာရီကျော်ကြာ ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟုလည်ဒေသခံတစ်ဦးက ပြောသည်။
“ကားတွေ ဆိုင်ကယ်တွေ အကုန် ရပ်စောင့်ရတာ။ တိုက်ပွဲဖြစ်နေတော့ သွားလည်း မသွားရဲကြဘူးလေ။ မနက် ၈ နာရီကျော်မှ လမ်းပွင့်တယ်” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
၎င်းပြင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းမှာပဲ သထုံဘက်ကနေ ဘီးလက်းဘက်ကိုဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းတစ်ခုကိုလည်း KNLA ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီး လက်နက်ငယ်တို့နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်များအတွင်း စစ်ကောက်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းထွက်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ညပိုင်းကလည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဘီးလင်းမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ကျည်ထိမှန်ကာသေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးက စစ်ဆေးရေးဂိတ် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရသည့်အပြင် ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဥ်တန်းလည်း မကြာခနတိုက်ခိုက်ခံနေရသည်။


