Thursday, April 2, 2026
More
    spot_img
    Homeသတင်းရေးမြစ်ကူးတံတားလုံခြုံရေးပစ်ခတ်ခံရ၍ ဘီးလင်းမြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့်ဖြစ်စဥ် ယနေ့တစ်မနက်အတွင်းဖြစ်ပေါ်ခဲ့

    ရေးမြစ်ကူးတံတားလုံခြုံရေးပစ်ခတ်ခံရ၍ ဘီးလင်းမြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့်ဖြစ်စဥ် ယနေ့တစ်မနက်အတွင်းဖြစ်ပေါ်ခဲ့

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၂၅)

    မွန်ပြည်နယ်တောင်ပိုင်း ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ရေးမြစ်ကူးတံတားလုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်ခံရ၍  မွန်ပြည်နယ် မြောက်ပိုင်းရှိ ဘီးလင်းမြို့မရဲစခန်း ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခံရဖြစ်စဥ် ယနေ့တစ်မနက်အတွင်းဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ 

    ရေးမြစ်ကူးတံတားလုံခြုံရေးတပ်ဖွဲ့ဝင်များအား ယနေ့ (ဩဂုတ်လ၂၅ ရက်) နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်က ရေးဘီလူးအဖွဲ့က လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် ထိခိုက်ဒဏ်ရာ ရရှိသူ မတွေ့မိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ဝင်ပစ်တာ ဆယ်မိနစ်လောက်တော့ကြာတယ် ဟိုဘက်ကလည်း ပြန်ပစ်တယ်။ အဲလိုဖြစ်တာ ခဏခဏပဲ”ဟုပြောသည်။

    ပစ်ခတ်မှု ဖြစ်ပြီးနောက် ရေးမြို့အဝင်အထွက်လမ်းနေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ကာ စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မြို့ခံတစ်ဦးက “အဓိကက လူငယ်တွေကို သေချာရှာဖွေတယ် စစ်တယ်တယ်။ မေးတယ်။ ဘယ်သွားမှာလဲ။ ဘယ်ကလာတာလဲ နဲ့”ဟု ပြောသည်။

    ထို့အတူ ဘီးလင်းမြို့မရဲစခန်းကို ယနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခံရကြောင်း၊ သို့ရာတွင် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးကြောင်း၊ ပေါက်ကွဲမှုပြီးနောက် ရဲစခန်း အနီးဝန်းကျင်တွင် လုံခြုံရေးတိုးမြင့်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း စစ်ကားများဖြင့် ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ဖြစ်ပြီးတာနဲ့ လမ်းကြောတစ်လျှောက် ပိတ်ထားတာတွေ့တယ်။ စစ်ကားတွေလည်း ထပ်ရောက်လာတယ်”ဟု ၎င်းက ပြောသည်။


    ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘီးလင်းမြို့နယ်အတွင်း ကင်းလှည့် စစ်ဆေးခြင်းများလည်း ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း ရေးမြို့နယ်နှင့် ဘီလင်းမြို့နယ်တို့သည် ပစ်ခတ်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း သတင်းမှတ်တမ်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks