Thursday, April 2, 2026
More
    spot_img
    Homeသတင်းရေကြီးမှုကြောင့် ကျိုက်မရောမြိုနယ်ရှိ ကျေးရွာတစ်ချို့တွင် သောက်သုံးရေနှင့် ဆေးဝါးလိုအပ်နေ

    ရေကြီးမှုကြောင့် ကျိုက်မရောမြိုနယ်ရှိ ကျေးရွာတစ်ချို့တွင် သောက်သုံးရေနှင့် ဆေးဝါးလိုအပ်နေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၂၃)

    ပြီးခဲ့သည့်ရက်ပိုင်းက ‌မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် သောက်သုံးရေနှင့် ဆေးဝါးများလိုအပ်နေကြောင်း သိရသည်။

    ရေပြန်လည်ကျဆင်းသွားသော ကျေးရွာများရှိသော်လည်း သောက်သုံးရေ နှင့် ဆေးဝါး လိုအပ်နေသေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ရေအကုန်လုံး ပြန်ကျတဲ့ရွာတွေက ကျကုန်ပြီ။ ဒါပေမယ့် သောက်ဖို့ရေက သုံးမရသေးဘူး။ ရေတက်တုန်းက ရေတွေဝင်ထားတော့ သောက်မရဘူး။ ဆန်ရှိလည်း ထမင်းချက်မရဘူးပေါ့။ အဲဒါကြောင့် သောက်ရေနဲ့ ဆေးဝါးကတော့ တကယ်လိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။

    မိုးတွင်းဖြစ်သောကြောင့် ဖျားနာနေသူများလည်း ရှိနေပြီး ဆေးဝါးလိုအပ်ချက်လည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

    မော်လမြိုင် rescue တာဝန်ရှိသူ တစ်ဦးက “ဝါးပြန်ကုန်းကျေးရွာမှာ အိမ်တစ်လုံးလုံး ရေထဲရောက်နေတဲ့ အိမ်ခြေ ၅၀ကျော်ရှိတယ်။ ကျနော်တို့ သွားပြီးလည်း လိုအပ်တာတွေ လှူပေးထားပါတယ်”ဟု ပြောသည်။

    ကျိုက်မရောမြို့နယ်အတွင်းရှိ ဦးလေးကျေးရွာ၊ ငါးပြေမကျေးရွာ၊ ဖနုံကျေးရွာ၊ လမုခိုကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ နှင့်ဖားဘောင်ကျေးရွာတို့တွင် ရေတင်ကျန်မှုများရှိနေသေးကြောင်း သိရသည်။

    အဆိုပါ ကျေးရွာများအတွင်း နေထိုင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် အလှူရှင်များ၏ ကူညီမှုဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ စားနပ်ရိက္ခာလှူဒါန်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ဖားဘောင်ကျေးရွာနှင့် အနီးအနားကျေးရွာများကို ဆန်၊ ဆီ၊ ဆား၊ သောက်ရေနှင့် ခေါက်ဆွဲခြောက်များလှူဒါန်းခဲ့ကြောင်း မော်လမြိုင် rescue အဖွဲ့ထံမှ သိရသည်။

    ထို့ပြင် ငါးပြေမကျေးရွာတွင် ရေတင်ကျန်နေသေးသော အိမ်ခြေ ၉၈ အိမ် ရှိနေပြီး ချောင်းနှစ်ခွကျေးရွာတွင် အိမ်ခြေ ၆၀ ခန့် ရေမြှုပ်နေသေးကြောင်း သိရသည်။

    အလားတူ ဖနုံကျေးရွာတွင် အိမ်ခြေ ၈၂ အိမ်နှင့် ရေတွင်းကုန်းကျေးရွာတွင် အိမ်ခြေ ၇၀ ခန့် ရေမြှုပ်နေသေးကြောင်း သိရသည်။

    ပြီးခဲ့သည် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

    Topics; #ကျိုက်မရော #ရေကြီးမှု #သောက်သုံးရေ #ဆေးဝါး #လိုအပ်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks