spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာအဆင့်မီ လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းဧရိယာအတွက် လျော်ကြေးငွေကျပ် ၂၇ ဘီလီယံကျော် လျာထား

    နိုင်ငံတကာအဆင့်မီ လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းဧရိယာအတွက် လျော်ကြေးငွေကျပ် ၂၇ ဘီလီယံကျော် လျာထား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၉)

    မွန်ပြည်နယ်အတွင်း တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်း စီမံကိန်း ဧရိယာအတွက် ‌လျော်ကြေးငွေကျပ် ၂၇ ဘီလီယံကျော် လျာထား၍ နေပြည်တော်သို့ တင်ပြထားကြောင်း ပြည်နယ်ကောင်စီထံက သိရသည်။

    မွန်ပြည်နယ်နစကကောင်စီ အနေဖြင့် မြေယာလျော်ကြေး ကိစ္စများကိုသာ တွက်ချက်တင်ပြပေးရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက ပြောသည်။

    “လောလောဆယ်ကတော့ လေဆိပ်စီမံကိန်းရဲ့ ကုန်ကျစရိတ်ကတော့ လျာထားတာမရှိသေးဘူး။ ပြည်ထောင်စုက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေပေါ့။ ကျွန်တော်တို့ကတော့ မြေယာလျော်ကြေးကိစ္စပဲ။ ပြည်နယ်အစိုးရအနေနဲ့က စီမံကိန်း ဧရိယာအတွင်းမှာ ပါဝင်နေတဲ့ လယ်ယာမြေအဆောက်အဦးတွေအတွက် နစ်နာကြေး၊ လျော်ကြေးကို တွက်ချက် တင်ပြထားတဲ့အဆင့်ပဲ ရှိသေးတယ်”ဟု ၎င်းက ပြောသည်။

    ‌‌စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည့် ဒေသခံများ၏ သီးနှံမြေ၊ လယ်မြေ‌များအတွက် နစ်နာကြေးလျော်ကြေးငွေ ၂၇.၁၂ ဘီလီယံ လျာထားကြောင်းနှင့် မြေဧရိယာ ၄၆၂၆.၂၉ ဧကကို အဆိုပြု ဧရိယာအဖြစ် သတ်မှတ်ထားပြီး ပင်မလေဆိပ် ဧရိယာကို ၃၄၄၇.၄၂ ဧက၊ ပင်မဆိပ်ကမ်းဧရိယာကို ၃၆၉.၁၇ ဧက သတ်မှတ်ထားကြောင်း ၎င်းက ထပ်ပြောသည်။

    မြေနေရာသတ်မှတ်ထားပြီဖြစ်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေ မရရှိမည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “စိုးရိမ်တာတော့ရှိတာပေါ့။ သူတို့ပေးချင်သလောက်ပဲ ပေးပြီး ကျွန်တော်တို့ဘက်ကို မကြည့်မှာတော့ စိုးရိမ်တာပေါ့”ဟု ၎င်းက ပြောသည်။

    စီမံကိန်းဧရိယာအတွက် ‌မြေနေရာကို မုဒုံမြို့နယ် ကော့ပရံကျေးရွာ၊ ဘလောက်ညောင်ဝိုင်းကျေးရွာအနီးမှာ နေရာရွေးချယ်ထားကြောင်း သိရသည်။

    သို့ရာတွင် အဆိုပါ နိုင်ငံတကာအဆင့်မီ လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းဧရိယာအတွက် မည်သည့်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ်မည်ကို အရိပ်အယောင်မျှပင် မကြားသိရသေးကြောင်း မော်လမြိုင်မြို့က မွန်စီးပွားရေးလုပ်ငန်းရှင်များအကြား ယူဆပြောဆိုကြသည်။

    အလားတူ ပဲခူးတိုင်းဒေသကြီးအနီးတွင် တည်ဆောက်ခဲ့သော ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (Hanthawaddy International Airport) သစ် စီမံကိန်းကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားဆဲဖြစ်သည်။

    Topics; #နိုင်ငံတကာအဆင့်မီလေဆိပ် #ရေဆိပ် #လျော်ကြေးငွေ #ပြည်နယ်ကောင်စီ #မွန်ပြည်နယ်အစိုးရအဖွဲ့

    အသစ်တည်ဆောက်မည်ဆိုသည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်း စီမံကိန်း(မြေပုံကြမ်း)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks