spot_img
Tuesday, September 16, 2025
More
    spot_img
    Homeသတင်းပြည်ပအဖွဲ့အစည်းနှင့် တွေ့ဆုံခွင့် UEC ကန့်သတ်မှု နိုင်ငံရေးပါတီများကို အခက်တွေ့စေဟု ပြော

    ပြည်ပအဖွဲ့အစည်းနှင့် တွေ့ဆုံခွင့် UEC ကန့်သတ်မှု နိုင်ငံရေးပါတီများကို အခက်တွေ့စေဟု ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၈)

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ပြည်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် ကန့်သတ်လိုက်တာကြောင့် နိုင်ငံရေးပါတီများကို အခက်တွေ့စေကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှာ ပြန်ကြားရေးတာဝန်ခံ နိုင်သန်းရွှေက ပြောသည်။

    နိုင်ငံခြားမှ အထောက်အပံ့၊ ငွေကြေးနှင့် ပတ်သက်၍ ဥပဒေပြဌာန်းထားပြီးဖြစ်ကြောင်း၊ ယခုကန့်သတ်မှုမှာ ဥပဒေတွင် မရှိကြောင်း ၎င်းက ပြောသည်။

    “အဲဒီညွန်ကြားချက်ထဲမှာပေ့ါလေ။ ဒီနိုင်ငံခြားအထောက်အပံ့တို့ ဘာတို့ကြတော့ ဟုတ်တာပေါ့နော်။ နိုင်ငံရေးပါတီဥပဒေထဲမှာ ပြဌာန်းထားပြီးသားပဲ ဒါကတော့ ဖြစ်သင့်တယ်ပေါ့နော်၊ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံလို့မရဘူးဆိုတာတော့လည်း ဒါကတော့ နည်းနည်း နိုင်ငံရေးပါတီအတွက်တော့ ဘောင်ကျဉ်းသွားတာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ အထောက်အပံ့တို့ ငွေရေးကြေးရေးတို့တော့ တစ်ပိုင်းပေါ့။ ဒါဥပဒေပြဌာန်းထားပြီးသား။ ဒီနိုင်ငံခြားနဲ့ ဆက်သွယ်မယ်ဆိုလို့ရှိရင် ကော်မရှင်ကို အသိပေးရမယ်ဆိုတာက ဥပဒေထဲမှာတော့ မရှိဘူးပေါ့နော်၊ ဒါပေမဲ့ ဖြစ်သင့်တာက တရားဝင်သံတမန်တွေ၊ တရားဝင်အဖွဲ့အစည်းတွေ ပြည်တွင်းမှာ ရှိနေတဲ့ တရားဝင်အဖွဲ့အစည်းတွေကို တွေ့ဖို့သင့်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ သွားတွေ့တာလည်း ကော်မရှင်က ဒါမှမဟုတ်ရင် သက်ဆိုင်ရာဌာနက သူတို့ သိတာပေ့ါနော်၊ ဒါက ကျနော်တို့ ပြောပြမယ်၊ အခုဟာက ကျနော်တို့ ကြိုတင်ပြီးတော့ အကြောင်းကြားရမယ်ဆိုတာတော့ နည်းနည်းတော့ ပြောရတော့ ခက်တာပေါ” ဟု ၎င်းက ပြောသည်။

    UEC က နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိပါက UEC သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံရန်၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံခြင်းသည် အပိုဒ် ၅ ပါ ဥပဒေပြဋ္ဌာန်းချက်နှင့် ငြိစွန်းနိုင်ကြောင်း နိုင်ငံရေးပါတီများကို ဩဂုတ် ၁၁ ရက်နေ့စွဲဖြင့် ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

    နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေးပါတီများအပေါ် လွှမ်းမိုးမှု မရှိစေရေး လုပ်ဆောင်ခြင်းဟု မြင်မိကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

    “နိုင်ငံတကာအဖွဲ့အစည်းတွေ နိုင်ငံတကာအစိုးရတွေ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ အင်အားစုတွေက နိုင်ငံရေးပါတီများအပေါ်မှာ လွှမ်းမိုးမှု မရှိစေလိုတဲ့ သဘောပဲထင်ပါတယ်။ အဓိက ငွေရေးကြေးရေး ဆက်နွယ်မှုကို အဓိက ထားတယ်လို့ပဲ သုံးသပ်ပါတယ်။ သံရေးတမန်ရေး အမြင်ချင်းဖလှယ်တာတို့ တွေ့တာ၊ ပြုတာတို့ Knowledge Sharing လုပ်တာတို့ ဘာတို့ကဖြင့် အဲဒီဥပဒေမှာ ဒီလိုပဲ ကန့်သတ်ထားတာ မဟုတ်ဘူးလို့ပဲ ထင်တယ်။ ဒါကျနော်တို့ သုံးသပ်တာပါ” ဟု ပြောသည်။

    ပြည်တွင်းတွင်ရှိနေသည့် သံတမန်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ကို ခွင့်ပြုသင့်ကြောင်း၊ တရားမဝင်အဖွဲ့အစည်းဆိုပါက ကန့်သတ်သင့်ကြောင်း နိုင်သန်းရွှေက ပြောသည်။

    UEC က မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေး အယူဝါဒအရ ဖြစ်ပေါ်လာသည့် ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဖြစ်လာသည့်ပါတီ ၁၉ ပါတီနှင့် ဒေသအလိုက် ဖြစ်ပေါ်လာသော ပါတီ ၃၀ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    Topics; #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #နိုင်ငံရေးပါတီ #ပြည်ပအဖွဲ့အစည်း #ကန့်သတ် 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts