spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ်များနှင့် ဆေးပေးခန်းပျက်စီး

    ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ်များနှင့် ဆေးပေးခန်းပျက်စီး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ် ၁၆)

    ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် သြဂုတ် ၁၆ ရက် နေ့လည် ၂ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုတို့ကြောင့် လူနေအိမ် ၁၀ လုံးနှင့် ဆေးပေးခန်းတစ်ခု အမိုးလန်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

    “အလှပ်မှာ ၂ နာရီခွဲလောက်က မိုးရွာတဲ့အချိန်မှာ လေဆင်နှာမောင်းပါ တိုက်လိုက်တာ။ နေအိမ် အမိုးလန်ကျပျက်စီးတယ်။ ဆေးပေးဆေးခန်းကလည်း  ရေတွေဝိုင်းထားပြီး အမိုးလန်သွားတာပေါ့။ လူထိခိုက် ဒဏ်ရာရတာတော့ မရှိဘူး ” ဟု ၎င်းက ပြောသည်။

    သြဂုတ် ၁၅ ရက်နေ့ကစပြီး မိုးသည်းထန်စွာ  ဆက်တိုက်ရွာသွန်းမှုကြောင့် ဖလပ်ရပ်ကွက်၊ ဇင်းကျိုက်ရပ်ကွက်၊ ဆားဖိုရပ်ကွက်နှင့် ခလောက်အင်းရပ်ကွက်တို့ မြေနိမ့်ပိုင်းတွင် ရေကြီးမှုဖြစ်ပြီး  ကားလမ်းမကြီးမှာလည်း ရေ ၂ ပေခွဲကျော်အထိ ဆက်လက်မြင့်တက်လာကြောင်း သိရသည်။

    လက်ရှိမှာတော့ မုန်းတိုင်းဒဏ်ကြောင့် နေအိမ်ပျက်စီးခဲ့သည့် မိသားစုဝင်များကို နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ရွှေ့ပြောင်းပေးရပြီး သက်ဆိုင်ရာများမှ ထောက်ပံမှုပေးကြောင်းသိရသည်။

    ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်တဝန်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းကြီးပေါ်၌ ယာဉ်အသွားအလာများ လမ်းလွှဲဖြတ်သန်းနေရပြီး ပေါင်မြို့နယ် ပရဟိတအဖွဲ့လူငယ်များက ဝိုင်းဝန်းကူညီပေးကြောင်း သိရသည်။

    အလားတူ ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်၌ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာတွင် နေအိမ်ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့်ယိုင်နဲ့ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

    မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသဌာနက အသိပေးထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း အလှပ်ကျေးရွာတွင်  လေဆင်နှာမောင်း တိုက်ခတ်ဒဏ်ကြောင့် လူနေအိမ် ၉၀ ကျော်ခန့် ထိခိုက်ပျက်စီးကြောင်း၊ ပေါင်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးမှု၊ မုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး လူသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks