မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၇ )
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာတွင် ဩဂုတ်လ ၆ ရက် နံနက် ၆ နာရီကျော်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာရှိ ဒေါ်ရီစိန်၏ နေအိမ်ပေါ်သို့ မြေသားပြိုကျခဲ့ပြီးပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မိုးတွေဆက်တိုက်ရွာနေထဲက စိုးရိမ်နေတာ ရေကြီးမလား။ မြေပြိုမလားပေါ့။ တစ်ခုကံကောင်းတာက အဲအိမ်မှာက လူမနေတာကြာပြီ”ဟု ၎င်းက ပြောသည်။
အဆိုပါ မြေသားပြိုကျမှုမှာ နေအိမ်သာ ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ပြိုကျလာသော မြေသားများနှင့် နေအိမ်အပျက်အစီးများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းကာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှလည်း နေအိမ်ပျက်စီးခဲ့သောကြောင့် ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် ယမန်နှစ် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေပြိုကျမှုဖြစ်ပေါ်ပြီး လူနေအိမ်ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြောင်း၊ ချောင်ဆုံမြို့နယ် ကဒါရွာတွင် တောင်နံရံ နေရာ (၂)နေရာ ပြိုကျခဲ့ပြီး နေအိမ်(၁)လုံးပျက်စီးခဲ့ကြောင်း၊ ကွမ်ရိုက်ကျေးရွာတွင် နေအိမ်(၂)လုံးနှင့် အလုပ်ရုံ(၁) တစ်ခု ပြိုကျပျက်စီးခဲ့ကြောင်း၊ ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်တွင် မြေပြိုကျမှုကြောင့် ရွာသားတစ်ဦး မြေပိသေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
