မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၆)
အဝေးပြေးယာဉ်များ၏ ခရီးသည်တင်ဆောင်သည့် ခုံများကို ဖြုတ်ကာ ကုန်ပစ္စည်းတင်ဆောင်ခြင်းကို ဩဂုတ် ၄ရက်နေ့မှ စတင်ကာ နစက ကောင်စီက ခွင့်မပြုကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်များထံက သိရသည်။
ခရီးသည်တင်ယာဉ်များကို ကုန်ပစ္စည်းတင်ပို့ခွင့် ရပ်နားခိုင်းခြင်း မဟုတ်ဘဲ ကုန်ပစ္စည်းများကို ကား၏ အောက်ခန်းထဲ၌သာ တင်ဆောင်ရမည်ဖြစ်ကြောင်း မော်လမြိုင်မှ အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“ကုန်တွေကတော့ ကြားတာကတော့ မနေ့က အပေါ်တင်လို့မရဘူးလို့တော့ ကြားတယ်။ အောက်ကတော့ တင်လို့ရတယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။
ဩဂုတ်လ ၄ ရက်က ရန်ကုန်မှ မော်လမြိုင်သို့ လာသည့် ခရီးသည်တင်ယာဉ်သည် ခရီးသည်တင်ဆောင်သည့် ခုံနေရာတွင် ကုန်ပစ္စည်းတင်ဆောင်လာသောကြောင့် ခံဝန်ထိုးခဲ့ရကြောင်း ဆက်ပြောသည်။
ထို့အတူ အဝေးပြေးကားများဖြင့် တန်ဆာတင်ပို့ရာတွင် ဒရုန်း၊ မှန်ဘီလူး၊ သံထည်ပစ္စည်းများအပါအဝင် ပစ္စည်း၁၉မျိုးကို ကန့်သတ်ထားကြောင်း သိရသည်။
“ကုန်ပစ္စည်းတင်ခွင့်မပြုတာတော့ မဟုတ်ဘူး။ ခရီးသည်ခုံတွေပေါ် ခုံတွေမှာ တင်တာ၊ ခုံတွေဖြုတ်ပြီး ကုန်တွေတင်တာကို ခွင့်မပြုတော့တာ”ဟု မော်လမြိုင်ကားဝင်းရှိ အဝေးပြေးလုပ်ငန်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ကုန်ပစ္စည်းများကို သေချာ ဖွင့်ဖောက်စစ်ဆေးပြီးမှ လက်ခံရန်နှင့် ခရီးသည်များကို မှတ်ပုံတင်မူရင်းပြနိုင်မှသာလက်မှတ်ရောင်းချရန် ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် တင်ဆောင်လာသော ကုန်ပစ္စည်းများကိုလည်း စစ်ဆေးရေးဂိတ်များတွင် တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။
Topics; #အဝေးပြေးယာဉ် #မော်လမြိုင် #ကုန်ပစ္စည်း #လုံခြုံရေးအဖွဲ့ #ကန့်သတ်
