spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်ကို ဒေသန္တရအမိန့် ၃/၂၀၂၂ ထုတ်ပြန်

    ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်ကို ဒေသန္တရအမိန့် ၃/၂၀၂၂ ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၆)           

    ရေးခရိုင်၊ ရေးမြို့နယ်အတွင်း မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ရှိလာသည့်အတွက် ရေးမြို့နယ်ကို သြဂုတ် ၅ ရက်နေ့စွဲဖြင့် ဒေသန္တရအမိန့် ၃/၂၀၂၂ ထုတ်ပြန်ကြောင်း နစကကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြေညာလိုက်သည်။

    အဆိုပါ ထုတ်ပြန်ချက်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မပါရှိဘဲ နယ်မြေကျော်လွန် ခရီးသွားလာခြင်းမပြုရန်၊ ရေးမြို့နယ်၏ နယ်နိမိတ်အတွင်း မည်သည့်ယာဉ်နှင့် လူများမဆို ည ၈ နာရီမှ နောက်နေ့ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် ပါရှိသည်။

    ထို့အပြင် မြို့တွင်းရှိ လမ်းများအား ခွင့်ပြုထားသည့် ယာဉ်နှင့် လူမှအပ အခြားမည်သည့် ယာဉ်နှင့် လူများ ဖြတ်သန်းသွားလာခြင်း မပြုရဟုဆိုကာ တပလ္လင်နှစ်ဆူမီးပွိုင့် ဗိုလ်ချုပ်လမ်းမှ မင်းခေါင်လမ်းနှင့် သပြေလမ်းဆုံအတွင်း၊ မင်းခေါင်လမ်းနှင့် သပြေလမ်းဆုံမှ မင်းခေါင်လမ်းနှင့် ရေး-မော်လမြိုင်လမ်းဆုံအတွင်း၊ တပလ္လင်နှစ်ဆူမီးပွိုင့်မှ တနင်္သာရီလမ်းမကြီးအတိုင်း ချင်းတွင်းလမ်းအတွင်း၊ အထက (၁) ရှေ့ ဗိုလ်ချုပ်လမ်းမှ ပြန်/ဆက်ရုံးဘေး ကျုံးပတ်လမ်းအတွင်း၊ ရဲစခန်းရှေ့ ဗိုလ်ချုပ်ဈေးဘေးကျုံးပတ်လမ်းအတိုင်း မွန်ဓမ္မာရုံလမ်းအတွင်း၊ အဏ္ဏဝါရပ်ကွက်ကျိုက်မဟာကေသာဘုရားဘေးလမ်းမှ ကော့ကလိုင်ခြံစုအတွင်း ပါရှိသည်။

    မော်တော်ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦးမစီးရန်နှင့် အမျိုးသမီးတစ်ဦး၏ နောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်း မပြုရန် ပါရှိသည်။

     ရေးမြို့ အဏ္ဏဝါရပ်ကွက်မှ ပြည်သူတစ်ဦးက “မွန်ပြည်နယ်မှာဆိုရင် ရေးမြို့နယ်က အဆိုးဆုံးဖြစ်နေတယ်၊ လူအသေပျောက်လည်းများတယ်၊ ဟိုတနေ့က လဝကရုံးမှာ ဖြစ်သွားတဲ့ ကိစ္စနဲ့ အခု ရေးမြို့ပေါ်က ဝန်ထမ်းတွေက တော်တော်လေးကို ခြောက်ခြားနေတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဩဂုတ် ၃ ရက်က ရေးမြို့နယ် လဝကရုံးအတွင်း ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လဝကရုံးမှ ၂ ဦးပွဲချင်းပြီး သေဆုံးကာ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း၊ စစ်တပ်က အာဏာရယူပြီးနောက် ရေးမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအား မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။

    ရေးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် ယာဉ်များ၊ မော်တော်ဆိုက်ကယ်များ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ စစ်ဆေးရေးအဖွဲ့မှ ရန်တန့်စစ်ဆေးခြင်းကို လက်မခံ မောင်းနှင်ထွက်ပြေးခြင်းများ မပြုလုပ်ရန် ပါရှိသည်။

    အဆိုပါ တားမြစ်ချက်များကို ပညာပေးကာလအဖြစ် ယနေ့ သြဂုတ် ၆ ရက်နေ့မှ ၁၂ ရက်အထိ သတ်မှတ်ထားပြီး ၄င်းရက်ကျော်လွန်သည့်အခါ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရလည်းကောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရလည်းကောင်း အရေးယူမည်ဟု ဖော်ပြထားသည်။

    ၎င်းအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မပြုမချင်း အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

    မော်တော်ဆိုင်ကယ် လူ ၂ ဦးမစီးရစည်းကမ်းချက်ကို ကျိုက်ထိုမြို့နယ်တွင် အသိပေးကြေညာထားပြီး သြဂုတ် ၅ ရက်နေ့မှစတင်၍ လိုက်နာသွားရန်၊ ပျက်ကွက်ပါက တည်ဆဲဥပေဒအရအရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

    Topics; #ရေးမြို့နယ် #ဒေသန္တရအမိန့်၃/၂၀၂၂ #မြို့နယ်အုပ်ချုပ်ရေးမှူး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks