မုဒုံမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၇)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မုဒုံမြို့မ (၂) ဘုန်းတော်ကြီးကျောင်းသစ်အနီး ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
ယနေ့ (ဇူလိုင် ၂၇ ရက်) နံနက် ၉ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုကြောင်း ကားတစ်စီးအနည်းငယ်ပျက်စီးကာ ကားမောင်းလာသည့် အမျိုးသားတစ်ဦး ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောင်းသစ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“ဒီမနက်ပဲ ကျောင်းသစ်ဘုန်းကြီးအနားမှာ ကားတစ်စီး ဗုံးစထိမှန်ပြီးတော့မှ ကားမောင်းလာသူတစ်ဦး ခြေထောက်ထိခိုက်မှုရှိခဲ့တာ ဟုတ်ပါတယ်” ဟု ၄င်းက ပြောသည်။
သို့ရာတွင် မုဒုံမြို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေး-စရဖတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို မုဒုံပြည်သူကာကွယ်ရေးအဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းတို့၏ လူမူကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
သို့ရာတွင် စရဖအဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် မော်တော်ကားဟုတ်မဟုတ်ဆိုသည်ကို မွန်သတင်းအေဂျင်စီက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုအပြီး မုဒုံမြို့ အဝင်အထွက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေနေကြောင်း မြို့ခံများထံက သိရသည်။
အလားတူ မုဒုံမြို့မ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌မေလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်
#မုဒုံမြို့ #ဗုံးပေါက်ကွဲ #စရဖ #မုဒုံပြည်သူကာကွယ်ရေးအဖွဲ့
