မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၉)
ရေးမြို့ ရေး- ချောင်းတောင်မြစ်ကူးတံတားပေါ်တွင် လုံခြံရေးယူနေသော လုံခြံရေးတပ်ဖွဲ့ဝင်များ ယနေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၉ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုမသိရသေးသော်လည်း ရေးဘီလူးအဖွဲ့က 40mm, M16, M4.များအပြင် အခြားလက်နက်တွေပါ အသုံးပြုပြီး ချောင်းတောင်တံတားလုံခြုံရေးဂိတ်ရှိ မြန်မာတပ်စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်းကြောင်း ၄င်းတို့၏ လူမှုကွန်ယက်စာမျက်မှ သတင်းထုတ်လွှင့်ခဲ့သည်။
အမည်မဖော်လိုသော ရေးမြို့ခံတစ်ဦးက “ချောင်းတောင်ရွာဘက်အခြမ်းက စစ်တပ်ကင်းတဲဂိတ်နေရာကို ဆိုင်ကယ် ၂ စီး လူ ၄ ယောက် လာပြီးပစ်တယ်၊ လက်နက်ကြီးပေါက်ကွဲသံလည်းကြားရတယ်၊ အပြန်အလှန်ပစ်ကြပြီး တအောင့်လောက်အကြာမှာတော့ လာပစ်တဲ့လူတွေဘက်က ချောင်းတောင်ရွာဘက်မှာ သူတို့ဆုတ်ခွာဖို့ လမ်းကြောင်းရှင်းထားပုံရတယ် အေးအေးဆေးဆေးပဲ ပြန်ထွက်သွားကြတယ်၊ လောလောဆယ်ထိခိုက်မှုသေဆုံးမှုမသိရသေးဘူး ဆေးရုံမှာ ဒဏ်ရာရလူနာမရှိဘူး” ဟု ဆိုသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ရေး-ချောင်းတောင်တံတားကို စစ်တပ်က တစ်နေ့လုံး အသွားအလာဖြတ်သန်းခွင့်မပြုကြောင်း၊ ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုကို မကြားသိရကြောင်း၊ ချောင်းတောင်ရွာသား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ၄င်းက ပြောသည်။
ရေးဘူတာပိုင်းမှ ဆိုင်ကယ်တက္ကစီသမားတစ်ဦးက “ပေါက်ကွဲတဲ့အသံ အရင်ကြားတာ။ ပြီးတာနဲ့ သေနတ်ပစ်သံတွေရော ဆက်တိုက်ကြားရတာ။ ဘယ်သူမှတော့ သွားမကြည့်ရဲကြဘူး။ သေနတ်တွေနဲ့ ဆက်တိုက်ပစ်နေတော့ တံတားပေါ်လည်း မဖြတ်ရဲကြဘူးလေ”ဟု ပြောသည်။
ယင်းကဲ့သို့ အပြန်အလှန်သေနတ်ပစ်ခတ်သံကြားရသဖြင့် ဒေသခံများစိုးရိမ်ကြောက်လန့်နေကြပြီး ဈေးဆိုင်တချို့ ပိတ်သိမ်းကြကာ တံတားဘက်သို့ သွားရဲသူမရှိသလောက်ဖြစ်နေကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံများနှင့် အနီးဝန်းကျင်မှ လူတစ်ချို့ကို စစ်ဆေးမှုများ လုပ်ခဲ့ကြောင်း၊ တံတားပေါ် ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ လုံခြုံရေးအင်အားကို တိုးမြင့်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ထိခိုက်ဒဏ်ရာ ရတာ သေဆုံးတာ အဲဒါတွေတော့ သေချာမသိရဘူး။ သေနတ်သံစဲတာနဲ့ စစ်တပ်က ဘေးပတ်ဝန်းကျင်ကို သေနတ်နဲ့ အကုန် လိုက်ပစ်တာ”ဟု ၎င်းက ပြောသည်။
အလားတူး ရေး-ချောင်းတောင်တံတားအနောက်ဖက် ၈ မိုင်ခန့်အကွာရှိ အစင်ကျေးရွာထိပ်တံတား၌ ဇွန် ၂၇ ရက်နေ့က ပြည်သူ့စစ် ၅ ဦကို ရေးဘီလူးအဖွဲ့က အနီးကပ်ပစ်သတ်လိုက်ပြီး သေနတ် ၃ လက်ပါ ယူဆောင်သွားကြောင်း သိရသည်။
PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရေးဘီလူး ဒေသကာကွယ်ရေးတပ် (PDF) အဖွဲ့ကို ဖမ်းနိုင်သူအား ဆုကြေးချီးမြှင့်မည်ဟု သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးရုံး၌ ဆိုင်းပုဒ်ထောင်ထားကြောင်း၊ ရေးဘီလူးအဖွဲ့ကို ဆက်သွယ်သူများ၊ ကူညီထောက်ပံ့သူများနှင့် လူမှုကွန်ရက်စာမျက်နှာတွင် Likeနှင့် share ပြုလုပ်ထားသူများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း ၄င်းဆိုင်းပုဒ်တွင် ရေးသားထားသည်။