spot_img
Saturday, June 21, 2025
More
    spot_img
    Homeမေးမြန်းချက်မွန်လူမျိုးတွေအတွက် အမြင်ဖွင့်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ၊ နိုင်စိုးအောင် ရန်ကုန်မွန်စာ/ယဥ် ဥက္ကဌဟောင်း အင်တာဗျူး

    မွန်လူမျိုးတွေအတွက် အမြင်ဖွင့်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ၊ နိုင်စိုးအောင် ရန်ကုန်မွန်စာ/ယဥ် ဥက္ကဌဟောင်း အင်တာဗျူး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၁)

    မေး- မွန်စာပေယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဘယ်လို ရည်ရွယ်ချက်နဲ့ ပေါ်ပေါက်လာပုံအကြောင်း အကျဥ်းချုပ်ပြီးပြောပေးစေလို။

    ဖြေ- ၁၉၇၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ မွန်စာပေယဉ်ကျေးမှုကော်မတီ (ရန်ကုန်)ဟာ အခု ၂၀၂၂ ခုနှစ်မှာ အနှစ် (၅၀) ပြည့်တော့မှာပေါ့နော်။ ၁၉၇၂ က မဆလ ခေတ်ပေါ့လေ၊ မွန်စာပေယဉ်ကျေးမှုကော်မတီက ဘယ်က စပေါ်ပေါက်ခဲ့လဲ ဆိုတော့ အဲဒီထက်အရင်က  ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ဆိုတာကို ဖဆပလခေတ်မှာ ဝန်ကြီး နိုင်ချစ်သောင်း ဦးဆောင်ခဲ့တာ ရှိတယ်၊  (၁၉၆၂ စစ်အာဏာသိမ်းပြီး-စာတည်း) ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ရဲ့ အလုပ်တွေ ရပ်နားလိုက်ရပြီးတော့ ဒီရန်ကုန်မြို့မှာ မွန်စာပေယဉ်ကျေးမှု ရေရှည်တည်တံ့နိုင်ဖို့၊ ထိန်းသိမ်းရမယ့် အဖွဲ့အစည်းတစ်ခုခုရှိသင့်ဆိုပြီး မွန်လူမျိုး ပညာရှင်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ မွန်လုပ်ငန်းရှင်တွေ စုပေါင်းပြီး မွန်စာပေယဉ်ကျေးမှု (ရန်ကုန်)ကို ဖွဲ့စည်းခဲ့တယ်ပေါ့နော်။

    မွန်စာပေယဉ်ကျေးမှုကော်မတီ (ရန်ကုန်)အဖွဲ့ကို ပြောရမယ်ဆိုရင် အရင်တုန်းက စာပေယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ၊ ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ခြုံလိုက်ရင် မွန်လူမျိုးတွေအတွက် အမြင်ဖွင့်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။  

    မေး- အနှစ် ၅၀ ကာလအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့လှုပ်ရှားမှုတွေ သိပါရစေ။

    ဖြေ- အဲဒီတစ်လျောက်မှာ အခုဆို အနှစ် ၅၀ ပြည့်တော့မယ်ပေါ့နော်၊ ဥက္ကဌအဟောင်းတွေကလည်း သူတို့အစွမ်းရှိသလောက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတယ်၊ မွန်လူမျိုးတွေရဲ့ ဆန္ဒအရ မွန်ကျောက်စာ သင်တန်းတွေ ၊ သုတေသနသင်တန်းတွေ၊ ယဉ်ကျေးမှုအက သင်တန်းတွေ၊ ပြက္ကဒိန်ထုတ်ဝေဖြန့်ချိရေးလှုပ်ရှားမှုတွေ၊ မဂ္ဂဇင်းတွေလည်း ဖြန့်ဝေတယ်ပေါ့နော်၊  မွန်ဖတ်စာအုပ်တွေလည်း လုပ်ခဲ့တယ် ပြောရမယ်ဆိုရင် ဒီအနှစ် ၅၀ အတောအတွင်းမှာ မွန်လူမျိုးတွေအတွက် အကျိုးအများကြီး ဖြစ်ထွန်းစေခဲ့တယ်၊ ဆိုတော့ကျနော်အနေနဲ့လည်း ဒီအဖွဲ့အစည်းထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူ တစ်ဦးအနေနဲ့ ဂုဏ်ယူမိတယ်၊ အဲဒီလိုခံယူထားတာပေါ့နော်။


    မေး- မကြာခင်မှာ အနှစ် ၅၀ ပြည့် ရွှေရတုသဘင်အခမ်းအနားပြုလုပ်ဖို့ရှိတယ်လို့သိတယ်၊ ဘာတွေလုပ်ဆောင်သွားဖို့ ရှိပါသလဲ၊ ဥက္ကဌဟောင်းတစ်ဦးအနေနဲ့ ဘာတွေတိုက်တွန်းလိုပါသလဲ။  

    ဖြေ- ကျနော့်အနေနဲ့ ဥက္ကဌ တာဝန်ကနေ အနားယူထားပေမယ့် ဒီကော်မတီ ဆက်လက်လည်ပတ်နိုင်ဖို့ တိုးတက်လာဖို့ အမြဲတမ်းအားပေးနေမယ်၊ နောက်ပြီးတော့ ဒီအနှစ် ၅၀ ရွှေရတု အထိန်းအမှတ် ကျင်းပရေးကော်မတီမှာလည်း ကျနော့်အနေနဲ့ တစ်စိတ်တပိုင်း တာဝန်ယူထားတယ်ပေါ့နော်၊ ရွှေရတုအခမ်းအနား အထိန်းအမှတ် အနေနဲ့ စာတမ်းဖတ်ပွဲတစ်ခု လုပ်မယ်ပေါ့နော်၊ အဲဒီစာတမ်းဖတ်ပွဲမှာ မွန်သမိုင်းကြောင်းတွေ၊ မွန်သုတေသနနဲ့ပတ်သက်တာတွေ၊ မွန်ရိုးရာ ယဉ်ကျေးမှု ဝတ်စားဆင်ယဉ်မှုနဲ့ပတ်သက်တာတွေပေါ့လေ၊ အဲဒါကို စာတမ်းတစ်ခုပြုစုမယ် ၊စာတမ်းဖတ်တဲ့အခါမှာလည်း ပညာရှင်တွေကို ဖိတ်သွားမယ်၊ နောက်တစ်ခုကတော့ သုတေသနတွေ၊ မွန်သမိုင်းကြောင်းတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေ (ကျောင်းသား/ကျောင်းသူ) တွေကိုလည်း ဖိတ်သွားမယ်၊ ဒီပွဲမှာ သုတေသနနဲ့ပတ်သက်တာတွေ၊ သမိုင်းကြောင်းတွေ မွန်ကျောက်စာနဲ့ပတ်သက်တာတွေ ကဏ္ဍစုံပါဝင်အောင် ကျနော်တို့စီစဉ်သွားမယ် ဆိုတော့ ဖိတ်ကြားသင့်တဲ့လူတွေကို ဖိတ်သွားမယ်၊ ဒီစာတမ်းတွေကို ဖတ်ပြီးသွားရင်တော့ မွန်လူမျိုးအတွက် မှတ်တမ်းတစ်ခုကျန်အောင် စာအုပ်ထုတ်ဖို့ရှိတယ်၊  ဒီစာတမ်းဖတ်ပွဲကို အခြေခံပြီးတော့ မွန်သမိုင်းကြောင်းတွေ ပြန်လည်ဆန်းသစ်လာအောင် လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ပွဲကျင်းပတဲ့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်ပေါ့လေ၊ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေအောင်မြင်ဖို့က ရန်ကုန်မှာရှိတဲ့ မွန်လူမျိုးတွေရော၊ မွန်လူမျိုးတွေအားလုံး ပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။  

    မှတ်ချက်- မွန်ဘာသာဖြင် အင်တာဗျူးဖြေကြားချက်ကို ဝံသမွန်က မြန်မာဘာသာသို့ ပြန်ဆိုသည်။

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts