မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၉)
မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
မွန်ပြည်နယ်အတွင်း ဇွန်လ ၄ ရက်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၀၀ ကျော် ရှိခဲ့ရာ ဇွန်လ ၂၈ ရက်တွင် ၆၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကလေးတွေကို အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ မဖြစ်ဖို့အတွက် မိဘတွေက သေချာစောင့်ကြည့်ဖို့ လိုတယ်။ ရောဂါလက္ခဏာပြတာနဲ့ နီးစပ်တဲ့ ဆေးရုံဆေးခန်းတွေကို ချက်ချင်း သွားဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
ကာကွယ်ဆေးမရှိသေးသည့် အခြေအနေဖြစ်သောကြောင့် အသက်အန္တရာယ်မထိခိုက်စေရန်အတွက် ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သေဆုံးခဲ့သည့် ကလေးငယ် ၃ ဦးအနက် တစ်ဦးမှာ ရေးမြို့နယ်မှ ဖြစ်ပြီး ကျန်နှစ်ဦးမှာ ကျိုက်ထိုမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံး မြို့နယ်မှာ မော်လမြိုင်မြို့နယ်ဖြစ်ပြီး၊ ကျိုက်ထိုမြို့နယ်နှင့် ပေါင်မြို့နယ် သည် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်၊ သီရီမြိုင်ရပ်ကွက်မှ မိဘတစ်ဦးက “ကလေးက နှစ်တိုင်း သွေးလွန်တုပ်ကွေးဖြစ်တယ်။ အခုချိန်ဆို ဆေးရုံ၊ ဆေးခန်းတွေလည်း ပြည့်နေတာပဲ။ အဖြစ်သည်းတာ မဟုတ်ဘူး။ ဖြစ်တာနဲ့ ဆေးခန်းပြ၊ ကလေးကို ခြင်ထောင်ထဲ ပေးဆော့ထား အင်္ကျီလက်ရှည် အပါးလေး ဘောင်းဘီးရှည်လေးဝတ်ထားပေး အဲဒါအကောင်းဆုံးပဲ”ဟု ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကလေးမိဘများ အနေဖြင့် ပေါ့ဆမနေဘဲ ကလေးများကို အထူးသတိပြုရန် နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား လုပ်ဆောင်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ကြရန် ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်တိုက်တွန်း ထားကြောင်း သိရသည်။
