Homeသတင်းဘီးလင်းတွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံး

ဘီးလင်းတွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံး

-

မွန်သတင်းအေဂျင်စီ၊ ၂၀၂၂ ဇွန် ၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးရွာအတွင်း နစကကောင်စီ၏ တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ တစ်ဦးနှင့် ၎င်း၏ တစ်နှစ်၊ နှစ်လအရွယ် ကလေးငယ် သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်ကျောင်းအနီးရှိ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမ မနော်စန်းစန်း‌အေး (ခ) နော်အေး၏ နေအိမ်ရှေ့သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အကြောင်းမဲ့ပစ်တာလို့ ပြောလို့ရတယ်။ နတ်ကြီးစခန်းထဲကနေ ပစ်ချတာ။ ဆရာမလေး နေအိမ်ရှေ့ တည့်တည့် တစ်လုံးကျတယ်။ ဆရာမလေးနဲ့ ကလေး တော်တော်ထိသွားတယ်”ဟု ၎င်းက ပြောသည်။

လက်နက်ကြီးထိမှန်ခဲ့သောကြောင့် ဆရာမ နော်စန်းစန်းအေး (ခ) နော်အေးနှင့် ၎င်း၏ ကလေးငယ်မှာ မျက်နှာနှင့် ခန္ဓာကိုယ်နေရာအနှံတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့နောက် ဆရာမနှင့် ၎င်း၏ ကလေးငယ်ကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဇွန်လ ၂၄ ရက် ညနေပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၃ ရက် တစ်ရက်ထဲ အစူးချောင်း ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၇ လုံးကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်ကလည်း နစက ကောင်စီ၏ တပ်ဖွဲ့ဝင်များ ဘီးလင်းမြို့နယ် မင်းစော ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၂၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts