spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းယခုနှစ် ဆိုကရေးတီးပြိုင်ပွဲတွင် ရွှေဟင်္သာတို့ပျော်စံရာ မွန်ယိမ်းအက ထည့်သွင်းယှဉ်ပြိုင်သွားမည်

    ယခုနှစ် ဆိုကရေးတီးပြိုင်ပွဲတွင် ရွှေဟင်္သာတို့ပျော်စံရာ မွန်ယိမ်းအက ထည့်သွင်းယှဉ်ပြိုင်သွားမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန်လ ၂၂)

    ယခုနှစ်ကျင်းပမည့် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ တိုင်းရင်းသားရိုးရာအက ကဏ္ဍတွင် ရွှေဟင်္သာတို့ ပျော်စံရာ မွန်ယိမ်းအက ထည့်သွင်းယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

    လာမည့် အောက်တိုဘာလအတွင်း ကျင်းပသွားမည့် နေပြည်တော် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲအတွက် အခြားတိုင်းနှင့်ပြည်နယ်များကို မွန်ယိမ်းအက ဆင့်ပွားသင်ကြားပေးနိုင်ရန် မွန်ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့မှ အကနည်းပြဆရာမများ ဦးဆောင်ပြီး အကနည်းပြမွမ်းမံသင်တန်းကို ဇွန်လ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း မွန်ယိမ်းအကပြိုင်ပွဲ ဒိုင်ချုပ်အဖြင့် ဆောင်ရွက်မည့်သူ အကနည်းပြဆရာမကြီး မိမရော့စွမ်း (ခ) မိမြသန်းက ပြောသည်။

    မိမရော့စွမ်းက “နိုင်ငံတော်အဆင့်ပြိုင်ပွဲမှာ တိုင်းရင်းသားအားလုံးက မွန်ယိမ်းတစ်ခုနှင့် ယဉ်ပြိုင်ဖို့ရှိလာတော့ မွန်တွေပဲ ဘာယိမ်းနဲ့ ပြိုင်ပွဲမှာ တင်ပြလို့ကောင်းမလဲဆိုတာ ဆွေးနွေးကြတော့ ရွှေဟင်္သာတို့ ပျော်စံရာ (ဌာန်လဟိင် ၜိုပ်ထဝ်) သီချင်းကို ရွေးလိုက်တယ်။ တခြားတိုင်းရင်းသားတွေက မကတတ်တော့ သူတို့ကို အကသင်ပေးဖို့ အကနည်းပြမွမ်းမံသင်တန်း (၁၀) ရက်ဖွင့်လိုက်တယ်။ အကနည်းပြ (၂၈) ယောက်ကို လူခွဲပြီး တိုင်းနဲ့ပြည်နယ်တွေမှာ သွားရောက်သင်ကြားပေးတော့မယ်” ဟု ပြောသည်။

    လက်ရှိတွင် ရန်ကုန်၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ အကနည်းပြများ စေလွှတ်ထားပြီး ကျန်ရှိတိုင်းနှင့်ပြည်နယ်များကိုလည်း ဆက်လက်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

    လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက “လာမယ့် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် တိုင်းနှင့်ပြည်နယ် ၁၄ ခု ရှိပါတယ်။ အဲ ၁၄ ခုမှာ ရှိနေတဲ့ အဖွဲ့တွေက မွန်ယိမ်းအကကို အားလုံး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် မွန်ယိမ်းအကကို သင်ပြပေးနိုင်ဖို့ မွန်လူငယ်တွေနဲ့ အကနည်းပြသင်တန်းပေးထားပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။

    သို့ရာတွင် မွန်ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ၎င်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ ရှေ့ထွက်အကဖြင့်သာ သွားရောက်ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သော (၂၂) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲတွင် ရခိုင်ယိမ်းနှင့် ကရင်ဒုံးယိမ်းအကများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks