Thursday, March 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအဘစ်-ခလယ်တံခွန်တိုင်ကားလမ်းပေါ်ရှိ KNU ဂိတ်စခန်းက လမ်းသွား ၆၀ ကျော်ကိုဖမ်းဆီး၊ အများစုမှာရာဘာခြံလုပ်ကိုင်သည့်မွန်များဖြစ်ကြပြီး ငွေကျပ် ၃ သိန်းပေးဆောင်ခဲ့ရဟု လွတ်မြောက်လာသူတစ်ဦးဆို

    အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းပေါ်ရှိ KNU ဂိတ်စခန်းက လမ်းသွား ၆၀ ကျော်ကိုဖမ်းဆီး၊ အများစုမှာရာဘာခြံလုပ်ကိုင်သည့်မွန်များဖြစ်ကြပြီး ငွေကျပ် ၃ သိန်းပေးဆောင်ခဲ့ရဟု လွတ်မြောက်လာသူတစ်ဦးဆို

    -

    မွန်သတင်းအေဂျင်စီ (၁၈ ဇွန် ၂၀၂၂)

    မုဒုံ-ကြာအင်ဆိပ်ကြီးမြို့နယ်စပ်ကြား အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းပေါ်ရှိ KNU ဂိတ်စခန်းတစ်ခုက ဇွန်လ ၁၄ ရက်နေ့တွင် လမ်းဖြတ်သန်းသွားလာသူ ၆၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ အများစုမှာ မုဒုံမြို့နယ်က ရာဘာခြံလုပ်ကိုင်သည့်မွန်များဖြစ်ကြပြီး တစ်ဦးလျင်ငွေကျပ် ၃ သိန်းပေးဆောင်ခဲ့ရကြောင်း အမည်ဖော်ခွင့်မရှိသည့် လွတ်မြောက်လာသူ ရွာသားတစ်ဦးက ပြောသည်။

    အဆိုပါအဘစ်လမ်းမပေါ်ရှိ ငြိမ်းချမ်းမြိုင်ဆိုသည့် KNU ဂိတ်စခန်းက လမ်းဖြတ်သမ်းသွားလာနေရသူ ခြံသမား ၆၈ ယောက်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ငွေ ၃ သိန်းစီပေးဆောင်၍လွတ်မြောက်လာကြပြီး ငွေမပေးနိုင်သဖြင့် ကျန်ရှိနေသည့်အရေအတွက်ကိုလည်း မိမိမသိရှိရကြောင်း ၄င်းကဆိုသည်။

    “ဖြတ်သွားဖြတ်လာတဲ့လူတွေကို သူတို့စောင့်ဖမ်းတယ်၊ ဖမ်းထားတဲ့အမျိုးသမီး ၃၀ ယောက်ကို ဘုန်းကြီးကျောင်းမှာ အမျိုးသား ၃၈ ယောက်ကို သူတို့တပ်ကုန်းမှာထားတယ်၊ ဆိုင်ကယ်တစ်စီး ၃ သိန်း၊ လူတစ်ယောက် ၃ သိန်းပေးရင် လွှတ်ပေးတယ်၊ ကျည်ဆံဝယ်ဖို့ ငွေတောင်းရတာလို့ KNU ဆရာကြီးတစ်ယောက်က ပြောတယ် ဒါပေမယ့်သူ့နာမည်နဲ့အဆင့်ကိုတော့ မသိရပါဘူး” ဟု ၄င်းက ဆိုသည်။

    သို့ရာတွင် ယင်းဖြစ်စဥ်အပေါ် သက်ဆိုင်ရာ KNU ဒူးပလာယာခရိုင်သို့ မွန်သတင်းအေဂျင်စီအနေဖြင့် ကြိုးစားဆက်သွယ်လျက်ရှိသည်။

    အလားတူ ဇွန် ၁၀ ရက်နေ့ကလည်း နှီးပဒေါကျေးရွာအရှေ့ဖက်ခြမ်းရှိ ရွာသားများ၏ ဒေသဖွံ့ဖြို့ရေးခြံမြေကွက်အကောင်အထည်ဖော်နေမှုတွင် နယ်မြေကျော်လွန်သည်ဟုဆိုကာ ရွှေ့ပြောင်းအလုပ်သမားခြံလုပ်သား ၁၀ ဦးကိုလည်း ဒေသအခြေစိုက် KNU တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊  ဒဏ်ငွေအနေဖြင့် ခြံပိုင်ရှင်များကို ငွေကျပ် ၃ သိန်းစီပေးဆောင်စေ၍ ပြန်လည်လွှတ်ပေးခဲ့သည်ကို မိမိတို့ထံတိုင်ကြားထားကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီက KNU ဒူးပလာယာခရိုင်သို့ ဆက်သွယ်မေးမြန်းထားပြီး အကြောင်းပြန်ကြားခြင်းမရှိသေးဟု သိရသည်။

    ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ဘုရားငါးဆူ၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ခလယ်ရွာကြီးအနီးအနားတဝိုက်ကျေးရွာများတွင် မေလ ၃ဝ ရက်မှစ၍ မြန်မာတပ်ဖွဲ့စစ်ကြောင်းများဝင်ရောက်လာသဖြင့် ဒေသအခြေစိုက် KNU တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ထိမှန်ကာ ရွာသားများစစ်ဘေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိတွင် နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိသည့် စစ်ပွဲဧရိယာဖြစ်နေသည့်အတွက် ယခုကာလတွင် အသွားအလာပြုလုပ်သင့်သည့် နေရာမဟုတ်ကြောင်း သတင်းရရှိသည်။   

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks