spot_img
Saturday, May 4, 2024
More
    spot_img
    Homeဆောင်းပါးလူမှုအဖွဲ့အစည်းအတွင်းက လူသားတစ်ယောက် (သို့) မိတ်ကပ်ပညာရှင် ဟာရီးယား

    လူမှုအဖွဲ့အစည်းအတွင်းက လူသားတစ်ယောက် (သို့) မိတ်ကပ်ပညာရှင် ဟာရီးယား

    -

    မိဝံသမွန် (၂၀၂၂ ဇွန် ၁၅)

    ကျောလယ်လောက်ရှည်တဲ့ ဆံနွယ်လေးနဲ့ မပိန်မဝတဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်က သင်တန်းသူတွေကို စိတ်ပါလက်ပါနဲ့ သင်ကြားပေးနေတဲ့ မြင်ကွင်းက သူ့ကိုမသိတဲ့သူတွေက သူဟာ သာမန်မိန်းကလေးတစ်ယောက်လို့ပဲ ထင်ပါလိမ့်မယ်၊ သူကတော့ ငယ်စဉ်ကတည်းက မိန်းကလေးလို ပြင်ဆင်ရတာဝါသနာပါပြီး သူ့ကိုသူ မိန်းကလေးတစ်ယောက်လို့ ခံယူထားတဲ့ မိတ်ကပ်အလှဖန်တီးရှင် ဟာရီးယား ပါ။

    တကယ်တော့ ဟာရီးယားဟာ ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့စိတ်ခံယူချက်က သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်လို့ပဲ ခံယူထားတဲ့သူပါ။

    ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံပြီး မိတ်ကပ်ပညာကို သင်ယူနေချိန်မှာ သူ့ရဲ့မိဘတွေက ဖြစ်နိုင်ပါ့မလားဆိုတဲ့ စိတ်နဲ့ သိပ်အားမပေးချင်ဘူးလို့လည်း သူက ပြောပါတယ်။

    သူ့ရဲ့ရည်မှန်းချက် ခံယူချက်ကို အတိမ်းစောင်းမခံဘဲနဲ့ သူဖြစ်ချင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်အောင် မခံချင်စိတ်နဲ့ ကြိုးစားသင်ယူခဲ့လို့ “ဟာရီးယား” ဆိုတဲ့ နာမည်နဲ့လူသိများအောင်မြင်လာတဲ့ မိတ်အလှဖန်တီးရှင် အဖြစ်ရပ်တည်လုပ်ကိုင်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်၊

    “မိဘတွေက သိပ်အားမပေးချင်ကြဘူး ဒါပေမယ့် ကိုယ့်ရဲ့အားထုတ်မှု ကြိုးပမ်းမှုကို နည်းနည်းလေးမှမလျှော့ပဲ စိတ်အား ထက်သန်နေတယ် ဆိုတော့လည်း အဖေနဲ့အမေက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကိုလိုက်လျောပြီး အားပေးလာတယ်ပေါ့နော်”

    ဟာရီးယားဟာ သူ့ဘဝ အခုလို အလုပ်အတည်တကျနဲ့ နေနိုင်ထိုင်နိုင်တာဟာ သူ့မိဘက သူများပြောစကားကို နားမယောင်ဘဲနဲ့ သူတို့ရဲ့ကလေး ဘာဖြစ်ချင်တယ်၊ ဖြစ်နိုင်ခြေရှိမရှိ လေ့လာသုံးသပ် အကဲခတ်ပြီး ပံ့ပိုးမှုပေးခဲ့တယ်၊ ဒီအခြေအနေမျိုးရောက်အောင် တွန်းတင်ပေးခဲ့တာ သူ့အဖေနဲ့အမေဖြစ်ပြီး သူ့ကိုသာ ပြစ်ပယ်ထားမယ်ဆိုရင် ဒီအခြေအနေမျိုး ရောက်ဖို့တော်တော်လေးခဲယဉ်းမယ်လို့ ဆိုပါတယ်။

    “အဖေနဲ့အမေက ကိုယ်ဘာဖြစ်ချင်လဲ ဖြစ်နိုင်ချေရှိမရှိ အရင်အကဲခတ်တယ် ပြီးတော့ကိုယ့်ဘက်က လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်၊ အဲဒီလိုပေါ့နော် မိဘသာ ကိုယ့်ဘက်ကိုမရပ်တည်ဘူးဆိုရင် ဒီအခြေအနေထိ ရောက်လာမှာမဟုတ်ဘူး”

    မိဘတချို့ဟာ နားလည်မှုလွဲမှားစွာနဲ့ ကိုယ့်သားသမီးရဲ့ ခံယူချက်နဲ့ ဖြစ်တည်မှုဆန္ဒတွေကို ပံ့ပိုးပေးလက်ခံအားပေးရမှာထက် သူတို့ရဲ့ဆန္ဒတွေကိုသာ ဦးစားပေးကြတယ်လို့ သူကပြောပါတယ်။

    အဲဒီလိုမိဘတွေကြောင့် လမ်းမှားရောက်သွားရတဲ့ LGBT သားသမီးတွေလည်း အများကြီးရှိနေလို့ မိဘတွေရဲ့ ကူညီအားပေးမှုက အရမ်းအရေးကြီးတယ်လို့ သူကထောက်ပြပြောဆိုခဲ့ပါတယ်။

    “ကိုယ်တုန်းက အပြောခံတာအရမ်းများတယ် ကိုယ့်မိဘသာ ကိုယ့်ဘက်မပါရင် ကိုယ်လည်း အခုလို ဖြစ်လာမှာမဟုတ်ဘူး အဲလိုပဲ အခုလည်းအငယ်လေးတွေကို သူတို့ဖြစ်ချင်တဲ့အရာတစ်ခုကို သူတို့မိဘ ကလက်မခံလို့ ဖွင့်မပြောရဲဘူး သူတို့ရဲ့ ဆန္ဒကို ထုတ်မပြောရဲဘဲနဲ့ လမ်းမှား ရောက်သွားရတဲ့ သူတွေလည်းအများကြီးပဲ အဲဒီလိုမဖြစ်စေချင်ဘူး”

    LGBT တွေဟာလည်း လူသားထဲက လူသားတစ်ယောက်ပဲဖြစ်လို့ လူမှုအသိုင်းအဝိုင်း ပစ်ပယ်မထားဘဲနဲ့ လက်တွဲပြီး ဖေးမမှုနွေးထွေးမှုတွေနဲ့ ဆက်ဆံစေလိုတယ်လို့သူက တောင်းဆိုထားပါတယ်။

    LGBT တွေဟာ သူတို့ရဲ့လိင်စိတ် ခံယူမှုကွဲပြားမှုအပေါ် သူတို့မွေးဖွားကြီးပြင်းရာ မိသားစု ပတ်ဝန်းကျင်ကနေ လုပ်ငန်းခွင်နယ်ပယ်ရောက်တဲ့အထိ ခွဲခြားနှိမ်ချ ဆက်ဆံရလေ့ရှိတာကြောင့် တန်းတူညီမျှ ဆက်ဆံခံရဖို့ အတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

    တချို့လူတွေက သူတို့လိုလူတွေက လူရာမဝင်တဲ့ သူတစ်ဦးလို ကြည့်တတ်ကြတယ်၊ ယောက်ျား တစ်ယောက်က မိန်းကလေးလိုဝတ်စားဆင်ယဉ်တာကို မကောင်းတဲ့လူ အခြောက်မလို့ အဲလို ရင့်သီးတဲ့ စကားလုံးတွေ အခုထိသုံးနှုန်းနေတာတွေ၊ ပုတ်ခတ်ပြောဆိုနေတာတွေ အခုထိ ခံနေရဆဲဖြစ်တယ်လို့ ဟာရီးယားက ဆိုပါတယ်။

    “ယာရီးယားတို့လိုလူတွေကလည်း လူတွေထဲကလူတစ်ယောက်ပဲလေ ဘာလို့နှိမ်ပြီး ဆက်ဆံနေကြသလဲပေါ့နော် အဲဒီလိုဆက်ဆံတာထက် ဖေးမပြီးတော့ လက်တွဲစေချင်တယ်၊ အခုလိုမျိုးဖြစ်နေတာကို အပြစ်မြင်နေတာထက်စာရင် ဖြစ်တည်နေတဲ့ဘဝကို လက်ခံပေးဖို့ပဲတောင်းဆိုချင်ပါတယ်”

    လူ့အဖွဲ့အစည်းအတွင်းမှာ LGBT တွေဟာလက်ရှိအချိန်အထိ ခွဲခြားဆက်ဆံမှုတွေ လှောင်ပြောင်ခံရမှုတွေ ကဲ့ရဲ့ခံရမှုထွေကို ရင်ဆိုင်ကြုံတွေ့နေရဆဲပဲဖြစ်ပါတယ်။

    LGBT ဆိုတဲ့ဝေါဟာရက  (Lesbian, Gay, Bisexual and Transgender )ဖြစ်ပြီး သူတို့တွေကို လိင်စိတ်ခံယူမှု ကွဲပြားသူတွေလို့ ခေါ်ဝေါ်ကြသလို လိင်တူချစ်သူများလို့လည်း လူမှုအသိုင်းအဝိုင်းက သုံးနှုန်းခေါ်ဆိုကြတာပါ။

    ဟာရီးယာားက ““တစ်ချို့လူတွေက ကိုယ်မိန်းကလေးလိုဝတ်ထားတာကို မကြိုက်တော့ လမ်းသွားရင် စောင်းမြောင်းပြောတယ်၊ ခဲနဲ့ပေါက်တဲ့အထိ ခံခဲ့ရဖူးတယ်၊ အဲဒီအချိန်မှာ စိတ်မကောင်း စိတ်ဓါတ်ကျမိတယ်ပေါ့နော်”

    နိုင်ငံတကာမှာလည်း ၁၉၉၀ ခုနှစ်နှောင်းပိုင်းကာလ ရောက်မှသာ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နဲ့ အားကစားသမားလို၊ နာမည်ထင်ရှား လူသိများသူတချို့က စတင်ပြီး မိမိရဲ့ ဖြစ်တည်မှုကို ထုတ်ဖော်ပြောဆိုခဲ့ရာမှ ကမ္ဘာအနှံ့အပြားက လူအများအပြားက မိမိတို့ –  LGBT  ပါလို့ ရဲရဲဝံ့ဝံ့ ဝန်ခံပြောလာကြတယ်လို့  LGBT  အရေးလှုပ်ရှားနေသူတွေက ဆိုပါတယ်။

     LGBT လို့ ကကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် လက်ခံတာဟာ ရှက်စရာ သိမ်ငယ်စရာ မဟုတ်ဘဲ ဒီအရာတွေဟာ ဝင့်ကြွားရမယ့် ကွဲပြားမှုလို့ မြင်တတ်ဖို့ မိမိရဲ့ဖြစ်တည်မှုကို လက်ခံပြီး ကိုယ့်ကိုယ်ကို ဝန်ခံအားပေးရတာဟာလည်း ခက်ခဲကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့  LGBT  အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

    မိမိရဲ့ ဖြစ်တည်မှုကို လက်ခံပြီး ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို ဇွဲလုံံ့လ၊ ဝီရိယနဲ့ ဖြေးဖြေးမှန်မှန် လျှောက်လှမ်းခဲ့လို့ လူသိများအောင်မြင်တဲ့ မိတ်ကပ်အလှဖန်တီးရှင်အဖြစ် သက်သေပြနိုင်ခဲ့တယ်လို့ ဟာရီးယားက အခုလိုပြောပါတယ်။

    “အဓိက ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ကိုယ့်ကိုသိဖို့လိုတယ်၊ သူများတွေကိုယ့်ကို နှိမ်ပြီးဆက်ဆံခဲ့တာကို မခံချင်စိတ်နဲ့ ကြိုးစားခဲ့တယ် အခုဒီအခြေအနေမျိုး ဖြစ်လာတော့ ကိုယ့်ကို ဝိုင်းပြီးလှောင်ပြောင်ပြောဆိုကြတဲ့သူတွေ မရှိတော့ဘူ့း”

    ဟာရီးယားဟာ ရင့်ကျက်တည်ငြိမ်ပြီး သူ့ရဲ့ ခံယူချက် သူ့အလုပ်အပေါ် အရမ်းတန်ဖိုးထားတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့ အိမ်နီးချင်းအမျိုးသမီးတစ်ဦးကပြောပါတယ်။

    “ဟာရီးယားက ကိုယ့်မျက်စိရှေ့မှာ ကြီးလာတဲကလေး အရမ်းစိတ်ရှည်တယ် အေးဆေးတဲ့အထဲမှာပါတယ် သူဖြစ်ချင်တဲ့ သူ့ဝါသနာကိုပဲ ဖြစ်အောင်ကြိုးစားတယ် သူ့ကြောင့် ဘယ်သူမှ စိတ်အနှောက်အယှက်မဖြစ်ခဲ့ဘူး” လို့ပြောပါတယ်။

    လက်ရှိကာလမှာတော့ လူမှုအသိုင်းအဝိုင်း  LGBT   တွေကို လက်ခံပေးကြပေမယ့် သူတို့တွေဟာ အများနည်းတူ အခွင့်အရေးညီမျှစွာရရှိဖို့ ဥပဒေအရ အကာအကွယ်ရရှိနိုင်ဖို့ အခုချိန်ထိ တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ ။

    LGBT တွေက အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့အတွက် အခုထိတိုက်ပွဲဝင်နေရသလို၊ LGBT တွေရဲ့ လုံခြုံမှု ရရှိဖို့ အရမ်းလိုအပ်တယ်လို့ ကိုယ်တိုင်ကလည်း LGBT အဖြစ်လက်ခံထားသူ၊ ဘဝတူ LGBT တွေကိုလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့တောင်းဆိုပေးနေသူ အာကာဇော်က ထောက်ပြခဲ့ပါတယ်။

    “လက်ရှိအချိန်ထိ LGBT  တွေဟာဘေးရောက်နေတယ်လို့ ပြောရမယ်၊ ဘာလို့လဲဆိုတော့ အလုပ်တစ်ခုခုလျှောက်မယ်ဆိုရင် LGBT တွေက အလိုလိုနောက်ရောက်သွားတယ်၊ ပြောချင်တာက LGBT တစ်ယောက်က သူ့မှာ လုပ်ကိုင်နိုင်တဲ့အရည်အချင်းတွေရှိတယ်၊ ဒါပေမယ့်  LGBT တစ်ယောက် ဖြစ်နေတာနဲ့ပဲ အလုပ်လုပ်ဖို့အခွင့်အလမ်းကို လက်လွှတ်လိုက်ရတယ်၊ အဲလိုတွေရှိနေလို့ LGBT  တွေက အလိုလိုကို နောက်ရောက်နေတယ်လို့ ပြောတာပါ၊ လုပ်ငန်းခွင်တွေမှာလည်း LGBT တွေကို လက်ခံအလုပ်ခန့်စေချင်တယ် သူတို့အရည်အချင်းနဲ့ ကိုက်ညီတဲ့အလုပ်တွေပေးပြီး ခန့်စေချင်တယ်၊ အဲလိုမျိုးလေးတွေဖြစ်လာမယ်၊ ခွဲခြားဆက်ဆံတာတွေ လျော့နည်းလာမယ်ဆိုရင် LGBT တွေအတွက် တဖြည်းဖြည်းနဲ့ အခွင့်အရေးတွေရလာမယ်၊”

    မိတ်ကပ်အလှဖန်တီးရှင် ဟာရီးယားကတော့ သူ့လို၊ – ဘဝတူတွေဖြစ်တဲ့ လူငယ်လေးတွေကို လက်တွဲပြီး လမ်းမှားမရောက်စေအောင် တတ်နိုင်တဲ့ ဘက်က ကူညီသွားမှာဖြစ်ပြီး လူမှုအသိုင်းအဝိုင်းကလည်း သူတို့တွေကို ပစ်ပယ်မထားဘဲနဲ့ လက်တွဲပြီး ဖေးမမှု နွေးထွေးမှုတွေနဲ့ ဆက်ဆံစေလိုတယ်လို့ တောင်းဆိုပါတယ်။

    ဟာရီးယားဆီမှာ မိတ်ကပ်ပညာကို သင်ယူနေတဲ့ ဘဝတူ လူငယ်တစ်ယောက်ကတော့ “ ဟာရီးယားက စိတ်ရှည်တယ်၊ သူ့ပညာကို လျှိုထားတာမရှိဘူး သင်ပေးတဲ့အခါမှာလည်း တစ်ဆင့်ချင်း စိတ်ရှည်ရှည်နဲ့ သင်ပေးတယ် မသိတာရှိရင်အချိန်မရွေးမေးလို့ရတယ် ရှင်းပြတယ် ဘယ်တော့မှ မငြိုငြင်ဘူး” လို့ ဆိုပါတယ်။

    ကျေးဇူးတင်ပါတယ်။  

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts