spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်မှု မြင့်တက်

    မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်မှု မြင့်တက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၃)

    မွန်ပြည်နယ်အတွင်း ဇွန်လ ၄ ရက်နေ့အထိ သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၅၀၀ ကျော်ထိရှိလာပြီး ကူးစက်မှုနှုန်း မြင့်တက်လာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနထံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးကူစက်ခံရသူ ၅၀၀ကျော်အထိ ရှိလာကြောင်း၊  ရေးမြို့နယ်မှ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

    “ကလေးတွေက ဖျားနာပြီး၊ အဖျားကျလာမယ်။ ခြေဖျား၊ လက်ဖျားတွေအေးပြီးတော့ မှိန်းနေမယ်။ တအားဂျီတိုက်မယ်။ အစာစားလို့မဝင်ဘူး။ အန်မယ်။ နောက်အစာအိမ်မှာ သွေးယိုတဲ့ လက္ခဏာဖြစ်တဲ့ အန်ဖတ်တွေမှာ ကော်ဖီရောင်တွေပါမယ်။ ဝမ်းသွားရင်း ကတ္တရာစေးလို အမဲရောင်တွေပါမယ်။ အနီစက်တွေထွက်မယ်။ အဲ့ဒီလိုလက္ခဏာတွေဖြစ်မယ်ဆိုရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးရပါမယ်။ ဒါမှလည်း သွေးလွန်တုတ်ကွေးရောဂါကြောင့် ကလေးတွေ မလိုလားအပ်ပဲသေဆုံးခြင်းကနေ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

    သွေးလွန်တုပ်ကွေး ကူးစက်ခံရမှု အများဆုံးမှာ အသက် ၅ နှစ် မှ ၉ နှစ်အရွယ် ကလေးများ ဖြစ်ကြောင်း ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအနေဖြင့် လုပ်ငန်းစဉ် ၃ ခုကို လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

     ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ပညာပေး‌ခြင်း၊ အဘိတ်ဆေးများကို ရပ်ကွက်၊ ကျေးရွာများအထိ ဖြန့်ဝေကာ ဆေးခတ်ပေးခြင်း နှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသော နေအိမ်၊ ပတ်ဝန်းကျင်ကို ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

    မော်လမြိုင်မြို့နယ်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အခုတော့ ကျနော်တို့က ကျောင်းဖွင့်နေပြီဆိုတော့ ကျောင်းတွေနဲ့ ကျောင်းပတ်ဝန်းကျင်တွေကို အဓိကထားပြီး ခြေဖျန်းတာတွေ လုပ်ပေးနေတယ်”ဟု ပြောသည်။

    ထို့ပြင် ကူးစက်ခံရသူများ၏ နေအိမ်နှင့် နေအိမ်ပတ်ဝန်းကျင်ကို ခြင်ဆေးမှုတ်ခြင်းများလည်း ဆောင်ရွက်ပေးနေကြောင်း ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀ ကျော်သာ ရှိခဲ့သော်လည်း ‌ဇွန်လ ၄ ရက်အထိ ကူးစက်ခံရသူ ၅၀၀ကျော်ထိ မြင့်တက်လာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြောကြားသော စာရင်းများအရ သိရသည်။

    မွန်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၀၀၀ ဦးအထိ စံချိန်တင်ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks