spot_img
Friday, February 20, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၀၈ ခြေဥအောက်က ဖက်ဒရယ်ပြည်ထောင်စုကို မွန်တိုင်းရင်းသားတို့လက်ခံမည်လား စဥ်းစားသုံးသပ်ဖို့လိုအပ်ဟု မွန်နိုင်ငံရေးလေ့လာသုံးသပ်သူပြော

    ၂၀၀၈ ခြေဥအောက်က ဖက်ဒရယ်ပြည်ထောင်စုကို မွန်တိုင်းရင်းသားတို့လက်ခံမည်လား စဥ်းစားသုံးသပ်ဖို့လိုအပ်ဟု မွန်နိုင်ငံရေးလေ့လာသုံးသပ်သူပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၉)


    မွန်လူမျိုးများလိုလားသော ဖက်ဒရယ်မူကို  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ပြင်ဆင်ပေးမည်ဆိုပါက မွန်တိုင်းရင်းသားများ လက်ခံနိုင်မည်လားဆိုသည်ကို စဉ်းစားသုံးသပ်ဖို့ လိုအပ်ကြောင်း မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ပညာမွန်က ပြောသည်။

    နစကနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပါတီဒီမိုကရေစီပေါ်ပေါက်ရေး၊ မွန်အမျိုးသားရေးရာကိစ္စရပ်များအပါအဝင် အချက် ၇ ချက်ကို မွန်ပြည်သစ်ပါတီ NMSP တောင်းဆိုခဲ့ကြောင်း၊ နိုင်ငံရေးကိစ္စရပ်များကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ပြင်ဆင်သွားမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ၄င်းကဆိုသည်။  

     “မွန်ပြည်သစ်ပါတီ စဉ်းစားရမယ့် အချက်ကတော့ ကျနော်တို့ တောင်းဆိုထားတဲ့ ကျနော်တို့ ဖြစ်ချင်တဲ့ မွန်လူမျိုးတို့ရဲ့ ဖက်ဒရယ်မူကို SAC ဘက်က လက်ခံတယ်ဆိုပေမယ့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ လက်ခံနိုင်မလား၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာက စစ်တပ် ၂၅ ရာခိုင်နှုန်းပါဝင်ရေး၊  ဆက်လက်ပြီးတော့ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမယ်ဆိုရင် ကျနော်တို့ လက်ခံနိုင်မှာလား။ နောက်တစ်ခုကတော့ တပ်အသွင်ကူးပြောင်းရေး DDR ကိစ္စတို့ ဘယ်လောက်အတိုင်းအတာအထိ မွန်ပြည်သစ်ပါတီက လက်ခံနိုင်မှာလဲပေါ့၊ အဲဒါလည်း စဉ်းစားထားဖို့လိုတာပေါ့နော်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်က Process ကို ကျနော်တို့ သိနေပြီးသားဖြစ်တဲ့အတွက် ကျနော်တို့ ဖြစ်ချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဒီ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျနော်တို့ ရနိုင်မလား မွန်ပြည်သစ်ပါတီအနေနဲ့ လေးလေးနက်နက် စဉ်းစားထားဖို့ လိုတာပေ့ါနော်” ဟု ဒေါက်တာ ပညာမွန်က ပြောသည်။

    ထို့အတူ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေဆွေးနွေးသွားရမည်ဖြစ်ရာ မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တို့၏အခန်းကဏ္ဍတို့ကို ထည့်သွင်းစဥ်းစားထားရမည်ဖြစ်ကြောင်း ဒေါက်တာပညာမွန်က ဆိုသည်။

     ပြီးခဲသည့် မေလ ၂၃ ရက်ကနေ ၂၅  ရက်နေ့အထိ နစကနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံ၍  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံရေးရာကိစ္စများနှင့် မွန်အမျိုးသားရေးရာကိစ္စများကို သဘောတူခဲ့ကြောင်း မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

    “ကျနော်တို့ တွေ့ဆုံးပြီးတော့ သဘောတူညီချက် (၇) ချက် လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီ (၇) ချက်မှာ နိုင်ငံရေးရာကိစ္စတွေ ၂ ချက်နဲ့ ကျန်တဲ့ဟာက ကျနော်တို့ အမျိုးသားရေး ဆိုင်ရာ ကိစ္စတွေ ပါပါတယ်ခင်ဗျ။ နိုင်ငံရေးဆိုင်ရာတော့ ကျနော်တို့ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာလာအောင် ဘယ်လို လုပ်မလဲ။ အကောင်အထည်ဖော်မှုမှာ ပေါ့နော်။ နောက်တစ်ခုမှာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံထားတဲ့ ပြည်ထောင်စုကြီးကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဒါကိုလည်း ဆက်လက် တည်ဆောက်သွားဖို့ ဒါကို သဘောတူထား တယ်။ နောက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်တော့ ဒါကို ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း သဘောတူညီချက်ထဲ မှာလည်း ပါဝင် ပါတယ်ခင်ဗျ။ ကျန်တဲ့ဟာတော့ အသေးစိတ်ပြောလို့ မရသေးတာ ရှိပါတယ်ခင်ဗျ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောဆိုခဲ့သည်။

     အလားတူ မေလ ၃၀ ရက်နေ့က နစကကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် UWSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီကလည်း နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကလွှဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည့် ဝအမျိုးသား ပြည်နယ် တည်ထောင်ဖို့ တောင်းဆိုထားသည်။

    UWSA ၏တောင်းဆိုချက်အပေါ် နစကကောင်စီအနေဖြင့် မူအရလက်ခံကြောင်း၊ ဆွေးနွေးပြီး ရရှိထားသည့် သဘောတူချက်များကို လာမည့်လွှတ်တော်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း နစကကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

    နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားထားသော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ EAOs အဖွဲ့များအနက် (၁ဝ)ဖွဲ့က တက်ရောက်မည့်စာရင်းပေးထားပြီး လက်ရှိတွင် RCSS/SSA၊ NMSP၊ KNU/KNLA-PC၊ UWSP၊ NDAA တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။ 

    သို့ရာတွင် NUG က စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူလုပ်ဆောင်ခြင်းသည် တရားမဝင်ကြောင်းနှင့် အသိအမှတ်ပြုလက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

    Photo; မွန်အမျိုးသားရေးရာညီလာခံ ၂၀၂၂ သို့ ဒေါက်တာပညာမွန် တက်ရောက်ခဲ့စဥ်။ (Ponnya Mon)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks