spot_img
Sunday, February 23, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်နယ်တောင်းဆိုသည့် “ဝ” ကို မူဝါဒအားဖြင့် နစက သဘောတူ၊ ခွဲမထွက်ဟု အာမခံချက်တောင်း

    ပြည်နယ်တောင်းဆိုသည့် “ဝ” ကို မူဝါဒအားဖြင့် နစက သဘောတူ၊ ခွဲမထွက်ဟု အာမခံချက်တောင်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁)

    ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ နစက ဥက္ကဋ္ဌထံ ပြည်နယ်တည်ထောင်ရန် တောင်းဆိုမှုကို မူအားဖြင့် သဘောတူကြောင်း၊ သို့သော်လည်း ခွဲမထွက်ခွင့်ဆိုသည့် အာမခံချက်ကို တောင်းဆိုကြောင်း နစက ကောင်စီမှ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    ယနေ့ (ဇွန်လ ၁ ရက်)တွင် နေပြည်တော်ရှိ ပြန် ကြားရေးဝန်ကြီးဌာန၌  ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “ကျွန်တော်တို့အနေနဲ့က “ဝ” ကိစ္စနဲ့ပတ်သက်လာပြီးရင် မူဝါဒအားဖြင့်က တောင်းဆိုတဲ့ ဟာပေါ့နော်၊ အခုလိုပုံစံမျိုး၊ ဒါထက်မြင့်တဲ့ ပုံစံမျိုးပေးနိုင်ဖို့အတွက် ယေဘူယျ မူဝါဒအားဖြင့်က ရှိပြီးဖြစ်ပါတယ်။ အဲဒီတစ်ခုတည်းမှ မ ဟုတ်ပါဘူး။ ကျန်တဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာလည်း ယခုထက် ပိုမိုပြီးဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်တွေကို ပေးဖို့အတွက် မူဝါဒအားဖြင့် ကျနော်တို့ သဘောတူညီဖြစ်ပြီးပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    UWSA မှ ပြည်ထောင်စု အစိုးရသို့ အဆိုပြတင်ပြခဲ့သော “နိုင်ငံရေးဆွေးနွေးမှု အထွေထွေမူဝါဒ” အရ အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော ‘ဝ’အမျိုးသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရန် နစက ကောင်စီ ဥက္ကဋ္ဌ ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    လက်ရှိတွင် နစက ကောင်စီဥက္ကဋ္ဌ နှင့် သဘောတူညီချက် ရယူထားပါက နောင်လာမည့် လွှတ်တော်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးကို တပ်မတော်က သဘောတူပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    “နိုင်ငံတော်ဝန်ကြီးချုပ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ဦးစီးချုပ် တစ်ယောက်ထဲပဲ အဲဒီတော့ ခုချိန်မှာ တပ်မတော်နဲ့ သဘောတူညီမှု ရပြီးသားဆိုလို့ရှိရင် ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ၊ နောင်လွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လာပြီးတော့က တပ်မတော်က ဒါကို သဘောတူညီပြီးဖြစ်တယ်၊ ပေးမယ်၊ အဲဒီတော့ အဲထဲမှာ ရောက်လာမယ့် လွှတ်တော်အမတ်တွေ ဘယ်သူက သဘောမတူဘူးလို့ ပြောမလဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    ထို့အတူ UWSA က နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကလွှဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည် ဖြစ်ကြောင်း တောင်းဆိုထားသည်။

    သို့ရာတွင် နစက ပေးမည့် “ဝ” ပြည်နယ်သည် လက်ရှိ “ဝ” အမျိုးသားများ ရရှိထားသည့်အခွင့်အရေးထက် များစွာ နိမ့်ကျနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။

    ဦးဖေသန်းက “သူတို့ကတော့ ‘ဝ’ ကတော့ အမြဲတမ်း ပြည်နယ်ဆိုတဲ့ စကားလုံးကို သုံးပြီးတော့ သူတို့ တောင်းဆိုတာတွေ ရှိခဲ့ တယ်ပေါ့။ အရင်တုန်းကလည်းပဲလေ ပြည်နယ်ဆိုတာ သူတို့အတွက် ‘ဝ’ တွေ အနေနဲ့ကတော့ အမြင့်ဆုံး မျှော်လင့်ချက်ပေါ့။ အမြင့်ဆုံး မျှော်လင့်ချက် ဖြစ်တယ်။ ဒါပေမဲ့ အခု ‘ဝ’ တွေ အနေအထားက ဒီထက် အများကြီး ကျော်ပြီးတော့ အခွင့်အရေး ရ တယ်ပေါ့။ ဆိုတော့ သူ့အနေနဲ့ ပြည်နယ်ကို တောင်းဆိုတယ် ဆိုတာတော့ တစ်ဖက်မှာ ဒီပြည်ထောင်စုထဲမှာပဲ သူ့အနေနဲ့ ရှိမယ်၊ ပြည်နယ် အခွင့်အရေးတွေ ရရင် သူတို့ ကျေနပ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဆိုတော့ ဒါက စိန်ခေါ်မှုတွေလည်း ရှိပါ တယ်။ အထူးသဖြင့် ရှမ်းပါတီတွေ၊ ရှမ်းပြည်သူတွေ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေက အဲဒီအပေါ်မှာ သဘောထား အမြင် ကြည်ပါ့မလားဆိုတဲ့ တစ်ချက်ပေါ့၊ ဒုတိယ အချက်ကတော့ တကယ်တမ်း စစ်အစိုးရက ပေးလာမယ့် ပြည်နယ် အဆင့် အတန်းမျိုးနဲ့ သူတကယ် ရပိုင်ခွင့်တွေ ရလာရင်ရော သူ့အနေနဲ့ အဲဒါကို လက်ခံနိုင်ပါ့မလား။ ဆိုတော့ ဒီစစ်အစိုးရပေးမယ့် ပြည်နယ်ဆိုတဲ့ အဆင့်အတန်းက ‘ဝ’ ရထားတဲ့ အခွင့်အရေးထက် အများကြီး နိမ့်ကျမှာ ဖြစ်ပါတယ်။ သူတို့ အခုရထားတဲ့ ကိုယ့်စာပေတွေ၊ ကိုယ့်ငွေသားတွေ၊ ကိုယ့်ဌာနဆိုင်ရာတွေပေါ့ အကုန်လုံး သူ့အောက်မှာ ရှိပြီးတော့ နောက်ဆုံး လက်နက် တောင်မှ ထုတ်နိုင်တဲ့ အခြေအနေမျိုး ကိုယ်ပိုင်တပ်မတော် အင်အားကြီးတဲ့ တပ်မတော် ထူထောင်ထားနိုင်တဲ့ အခြေအနေမျိုး ဒါကတော့ စစ်အစိုးရက ခွင့်ပြုမယ့် ဖက်ဒရယ်စနစ်ထဲမှာ ဒီလောက်ကြီး အဆင့်မြင့်မြင့် မရနိုင်ဘူးပေါ့”ဟု ဆိုသည်။

     ထို့အတူ “ဝ” ပြည်နယ် တောင်းဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်ဟု မြင်မိကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

    ဦးကိုကိုကြီးက “အခုဟာကလေ ကျနော်မြင်တာက ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာက ကိုယ့်ရဲ့နိုင်ငံရေး ဆန္ဒပေါ့နော်၊ နိုင်ငံရေး ရည် ရွယ်ချက် ဆိုတာတွေတော့ ပြောကြမှာပဲ သို့သော်၊ သက်ဆိုင်တဲ့သူတွေ အားလုံးကို ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ပြီး ဆောင် ရွက်ဖို့ လိုမယ်လို့ မြင်ပါတယ်။ လက်ရှိ အနေအထားမှာကတော့ ဒီကိစ္စမျိုးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ ဖြစ်တဲ့ အတွက်ကြောင့် လွှတ်တော်မရှိသေးတဲ့ အချိန်မှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်တာမျိုးတွေတော့ လုပ်လို့ မရဘူး။ သို့သော် လက်ရှိ အခြေအနေမှာတော့ လက်ရှိ နစကရဲ့ သဘောထား သူ့ရဲ့ တပ်မတော်နဲ့ အစိုးရဘက်ကပေါ့ လက်ရှိ နစကလည်း အစိုးရ တစ်ရပ် အနေနဲ့ ဖြစ်နေတော့ သူတို့နဲ့ ကြိုတင် သဘောတူညီချက်တွေ ရထားပြီးရင်တော့ အသစ်ဖြစ် ပေါ်လာမယ့် လွှတ် တော်မှာ  ဒါကို ထပ်ပြီးတော့ ဆွေးနွေး အတည်ပြုဖို့ လိုမယ်လို့ မြင်ပါတယ်”

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိ ပြည်နယ်သစ် ဖွဲ့စည်းမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရန်၊ လွှတ်တော်မှ ထက်ဝက်ကျော် ထောက်ခံမဲ ရရှိရန် လိုအပ်ကြောင်း၊ အဲဒီနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အတွင်းရှိ လွှတ်တော်အမတ်များ ထက်ဝက်ကျော်၏ ထောက်ခံမဲ ရရှိရန် လိုအပ်ကြောင်း၊ အဆိုပါ လွှတ်တော် လုပ်ငန်းစဉ်တွေ အောင်မြင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ လူမျိုးတွေများ၏ ဆန္ဒခံယူပွဲလုပ်ပြီး ထက်ဝက်ကျော် ထောက်ခံမဲ ရရှိရန်လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts