မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယနေ့ (မေလ ၂၄ရက်) နေ့လည် ၁၁ နာရီကျော်က လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၉၀ ကျော် ပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအသင်း ထံမှ သိရသည်။
ပေါင်မြို့နယ် အလှပ်ကျေးရွာ အနောက်ပိုင်း၊ ခင်တန်းနှင့် ကွက်သစ်ပိုင်းတို့တွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်းဖြစ်ပြီး နေအိမ် ၃ လုံးမှာ ပြိုကျပျက်ဆီးခဲ့ကြောင်း၊ အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး အသင်းမှ ဆိုသည်။
“အဘွားရဲ့အိမ်က နဲနဲ ကွင်းပြင်သဘောမျိုးမှာရှိတော့ လုံးဝပြိုသွားတာ။အိမ်ပိသွားတယ်။ဆေးရုံကို ပို့ထားပါတယ်။ ရွာအခြေအနေကတော့ အိမ် ၃ အိမ်ကတော့ လုံးဝ ပြိုသွားတယ်”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။
ပြီးခဲ့သည့် ရက်က မွန်ပြည်နယ်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ဒဏ်ကြောင့် ပေါင်မြို့နယ်မှ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မုန်တိုင်းငယ်ကြောင့် လေဘေးသင့်အိမ် စုစုပေါင်း ၁၃၂ အိမ် ရှိပြီး ပြိုပျက်ခဲ့သည့် အိမ်ပေါင်း ၂၁ အိမ်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာန၏ မှတ်တမ်းများအရ သိရသည်။
လေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာက ပျက်ဆီးသွားသည့် အိမ်မျိုးအစားအလိုက် ထောက်ပံ့နိုင်ရန် လုပ်ဆောင်နေပြီး သဘာဝဘေးစီမံဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
