spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်တွင် ရေစီးဖြင့် မျောပါသွားသည့် အမျိုးသား ခြောက်ဦးအနက် သုံးဦးပျောက်ဆုံးနေဆဲ

    ပေါင်မြို့နယ်တွင် ရေစီးဖြင့် မျောပါသွားသည့် အမျိုးသား ခြောက်ဦးအနက် သုံးဦးပျောက်ဆုံးနေဆဲ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၄)

    ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ အုပ်စု၊ ဆယ်အိမ်စုကျေးရွာမှ အမျိုးသားခြောက်ဦး မေလ ၂၀ ရက်က ရေစီးဖြင့် မျောပါသွားခဲ့ပြီး သုံးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

    မေလ ၂၀ ရက်မှာပင် အမျိုးသား နှစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူ တစ်ဦးက ပြောသည်။

    “လေပြင်းတိုက်ပြီး မုန်တိုင်းငယ်နဲ့ပါသွားကြတာ။ ပါသွားတာက ခြောက်ယောက် အဲခြောက်ယောက်မှာ နှစ်ယောက်ကိုတော့ အဲနေ့ကပဲ ချက်ချင်း ကယ်ဆယ်လိုက်နိုင်တယ်။ ပျောက်နေတဲ့ လေးယောက်မှာတော့ တစ်ယောက်ကတော့ ရုပ်အလောင်း ပြန်ရတယ်”ဟု ၎င်းက ပြောသည်။

    အဆိုပါ အမျိုးသား ၆ ဦးသည် ပေါင်မြို့နယ် သဲကုန်းကျေးရွာ ပင်လယ်ကမ်းစပ် ဓနိတောအနီးတွင် ယက်သဲ့ပုံစံ ယင်းတွန်းဖြင့် ငါး၊ ပုစွန်ဖမ်းနေစဉ် ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် ရေစီးဖြင့် ပင်လယ်ဘက်သို့ မျောပါသွားခြင်း ဖြစ်ကြောင်း သိရသည်။

    မေလ ၂၁ ရက်တွင် ရေထဲသို့မျောပါသွားသူ တစ်ဦး၏ ရုပ်အလောင်းကို သဲဖြူကုန်းကျေးရွာ ပင်လယ်ကမ်းစပ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

    လက်ရှိတွင် ပျောက်ဆုံးနေဆဲ လူသုံးဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ဒေသခံများ ဝိုင်းဝန်းပူးပေါင်းကာ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

    “အခုထိတော့ ရှာနေဆဲပဲ။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလည်း အများကြီးကူညီတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ကူညီပေးတယ်။ ‌သုံးယောက်ကတော့ ပျောက်နေတုန်းပဲ”ဟု ဒေသခံ တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် မေလ ၂၀ ရက်က မုန်တိုင်းငယ် ဝင်ရောက်တိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်အပါအဝင် မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံအစရှိသော မြို့နယ်များတွင် သစ်ပင်ကြီးများ လဲပြိုခြင်း၊ နေအိမ်နှင့် စျေးဆိုင်တချို့ အမိုးလန်ပျက်စီးခြင်း၊ နေအိမ်တချို့ပြိုကျပျက်စီးခြင်း၊ သစ်ပင်ပိခြင်းနှင့် ဓာတ်တိုင်များ လဲကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ကယ်ဆယ်ရေးလုပ်ဆောင်နေစဥ် (CJ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks