Homeသတင်းမွန်ပြည်နယ်အတွင်း စားအုန်းဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာ

မွန်ပြည်နယ်အတွင်း စားအုန်းဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃)

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်မှ စတင်ကာ စားအုန်းဆီဈေးနှုန်းများ ဆက်တိုက် ပြန်လည်မြင့်တက်လာခဲ့ကြောင်း စားအုန်းဆီ ရောင်းဝယ်နေသူများထံက သိရသည်။

ဧပြီလ အစောပိုင်းက စားအုန်းဆီဈေးနှုန်းများ အနည်းငယ် ပြန်ကျလာခဲ့သော်လည်း ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ ဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဈေးကြို ကုန်စည်ဒိုင်မှ စားအုန်းဆီ ရောင်းချနေသူ တစ်ဦးက ပြောသည်။

“စားအုန်းဆီဈေးတွေက နည်းနည်းပြန်ကျလာ‌နေတော့ ကျတော့မယ်ထင်တာ တစ်ပတ်ပြီး တစ်ပတ် ဆက်တိုက် ပြန်တက်လာတယ်။ အင်ဒိုဘက်က တင်ပို့တာ ရပ်လိုက်တော့မယ်ဆိုတာနဲ့ ပြည်တွင်းမှာ စားအုန်းဆီဈေးတွေ ဆက်တိုက်တက်လာတာပဲ”ဟု ၎င်းက ပြောသည်။

စားအုန်းဆီ အဓိက တင်ပို့နေသော အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့မှုကို ရပ်ဆိုင်းသွားမည်ဟု ကြေငြာပြီးနောက် ပြည်တွင်း စားအုန်းဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ ဒုတိယအပတ်အထိ စားအုန်းဆီ တစ်ပိဿာ ၅၂၀၀ ကျပ် ဝန်းကျင်သာ ဈေးရှိခဲ့ပြီး ဧပြီ တတိယအပတ်တွင် တစ်ပိဿာ ၅၄၆၀ ကျပ် မြင့်တက်လာခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်တွင် တစ်ပိဿာ ၅၆၂၀ ကျပ်ထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ မေလ ပထမအပတ်တွင် တစ်ပိသာ ၆၁၅၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း ရှိကြောင်း သိရသည်။

မော်လမြိုင်ကုန်စည်ဒိုင်မှ စားအုန်းဆီ လက်လီလက္ကားရောင်းဝယ်နေသူ တစ်ဦးက “မြန်မာနိုင်ငံကလည်း စားအုန်းဆီကို အင်ဒိုကနေ အဓိက ရနေတာလေ။ သူတို့ရပ်နားမယ်ဆိုတဲ့ ဂယက်က ပြည်တွင်း စားအုန်းဆီဈေးနှုန်းကို ရိုက်ခတ်တာပေါ့။ ဒါအပြင် သယ်ယူခစရိတ်တွေကလည်း ပိုကုန်တော့ ဈေးတွေက တက်တာပေါ့”ဟု ပြောသည်။

အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့နိုင်ငံတွင်း စားအုန်းဆီ ဖူလုံရန်နှင့် စျေးနှုန်းထိန်းညှိရန် ရည်ရွယ်ပြီး ပြည်ပနိုင်ငံများသို့ စားအုန်းဆီတင်ပို့မှုကို ဧပြီလ ၂၈ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းရန် ဆုံးဖြတ်ကြောင်း ကြေငြာခဲ့သည်။

စားအုန်းဆီဈေးများ မြင့်တက်လာသော်လည်း ဈေးကွက်အတွင်း ဈေးကစားခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts